ကိုဗစ်လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်းတို့ တွေ့ကြုံရပါတယ်။

COVID-19 လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်းတို့ တွေ့ရပြီး ထိုအခြေအနေဟာ ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲကို တိုက်ရိုက်ဝင်ရောက်သွားခြင်းကြောင့် ဖြစ်နိုင်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ဖော်ပြတဲ့ လေ့လာမှုတစ်ရပ်က ပြောပါတယ်။

(Photo: AFP)

ထိုသုတေသနပြု လေ့လာမှုဟာ ပဏာမအဆင့်သာဖြစ်သေးပေမဲ့ ယခင်က ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့ခြင်းမရှိတဲ့ အယူအဆတစ်ရပ်ကို ထောက်ခံရန် အထောက်အထားတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ Yale တက္ကသိုလ်မှ ကိုယ်ခံအားစနစ်ဆိုင်ရာ ကျွမ်းကျင်သူ အကီကိုအိုင်ဝါဆာကီ ဦးဆောင်တဲ့ ယခု လေ့လာမှုစာတမ်းအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ဦးနှောက်ထဲမှာ ပွားများလာနိုင်ပြီး ဦးနှောက်ဆဲလ်များ အနီးအနားမှာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ သို့သော် ဦးနှောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။



ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အာရုံကြောဌာန အကြီးအကဲ ဒေါက်အက်စ်အင်ဒရူးဂျိုးဇက်ပ်ဆန်က ယခု သုတေသနပြု လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ နည်းပညာကို ချီးကျူးခဲ့ပြီး ဗိုင်းရပ်စ်ဟာ ဦးနှောက်ကို တိုက်ရိုက် ကူးစက်ရောက်ရှိနိုင်ခြင်းရှိ မရှိအပေါ် သိနားလည်ခြင်းက အထူးအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ သို့သော် လေ့လာမှုရလဒ်စာတမ်းကို အပြန်အလှန် သုံးသပ်မှုပြုလုပ်ပြီးချိန်အထိ ၎င်းအနေနဲ့ သတိထားနေကြောင်း ၎င်းကဆိုပါတယ်။

(Photo: Reuters)

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ ပြင်ပမှ အရာတွေကို တားဆီးပေးတဲ့ ဦးနှောက်ရဲ့သွေးကြောများပတ်လည်ရှိ blood-brain-barrier ခေါ် အတားအဆီးကို ထိုးဖောက်နိုင်စွမ်းရှိခြင်းဟာ လုံးဝ အံ့ဩတုန်လှုပ်စရာ ဖြစ်လိမ့်မှာမဟုတ်ဘဲ ဇီကာဗိုင်းရပ်စ် (Zika virus) ဟာလည်း သန္ဓေသားရဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးစေကြောင်း သိရပါတယ်။

သို့သော် အာရုံကြောပိုင်းဆိုင်ရာ သက်ရောက်မှုတွေ့ရတဲ့ COVID-19 လူနာအားလုံးရဲ့ ထက်ဝက်ခန့်မှာ ဦးနှောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ရိုက် ဝင်ရောက်သွားတာကြောင့်ထက် cytokine storm ခေါ် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို အလွန်အကျွံတုံ့ပြန်ရာမှာ ဦးနှောက်ရောင်ရမ်းခြင်းကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက ယခုအချိန်အထိ ယုံကြည်ထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က