ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ဟာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းနဲ့ WHO လမ်းညွှန်ချက်တွေကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားရှိလာခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇူလိုင် ၇ ရက်နေ့မှာ လက်ခံအသိအမှတ်ပြုလိုက်ပါတယ်။

ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်အုပ်စုတစ်ခုက COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ဗိုင်းရပ်စ်ဟာ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အထောက်အထားတွေ့ရကြောင်းနဲ့ WHO ရဲ့ အကြံပြု လမ်းညွှန်ချက်တွေကို ပြင်ဆင်ရန် တိုက်တွန်းခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အစီရင်ခံစာနဲ့ တိုက်တွန်းမှုရှိလာခဲ့ပြီးနောက် WHO က ကိုရိုနာဗိုင်းရပ်စ် လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။



ကိုရိုနာဗိုင်းရပ်စ်ဟာ COVID-19 ရောဂါရှိနေသူ လူနာတစ်ဦး ချောင်းဆိုး၊ နှာချေစဥ် သို့မဟုတ် စကားပြောစဥ် နှာခေါင်းနဲ့ ပါးစပ်မှ လွင့်ထွက်လာတဲ့ အရည်အစက်လေးများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ အဓိက ကူးစက်ပျံ့နှံ့ကြောင်း WHO က အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

(မာရီယာဗန်ကာဟိုဗီ) (Photo: Fabrice Coffrini/AFP/Getty Images)

ယခုအခါမှာတော့ လေမှတစ်ဆင့် ကူးစက်မှုဖြစ်နိုင်ခြေကိုလည်း COVID-19 ကူးစက်ပျံ့နှံ့တဲ့ နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းပြောကြားနေပြီလို့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နည်းစနစ်ပိုင်း အကြီးအကဲ မာရီယာဗန်ကာဟိုဗီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထုထဲရှိ သေးငယ်တဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် လူတွေကို ကူးစက်နိုင်ကြောင်း အထောက်အထားကို နိုင်ငံ ၃၂ နိုင်ငံရှိ သိပ္ပံပညာရှင် ၂၃၉ ဦးက WHO ထံ ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြခဲ့ကြပါတယ်။ ထိုအိတ်ဖွင့်ပေးစာကို Clinical Infectious Diseases ဆေးသိပ္ပံဆိုင်ရာ ဂျာနယ်မှာ ဇူလိုင် ၆ ရက်နေ့က ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

နှာချေပြီးနောက် လေထုထဲကို လွင့်ထွက်လာတဲ့ ကြီးမားတဲ့ အရည်အစက်များကဖြစ်စေ သို့မဟုတ် အသက်ရှူထုတ်လိုက်ရာမှ ထွက်လာပြီး အခန်းတစ်ခန်းအတွင်း လေထဲမှာ လွင့်မျောနေနိုင်တဲ့ များစွာပိုမိုသေးငယ်တဲ့ အရည်အစက်လေးများကဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်တယ်လို့ သိပ္ပံပညာရှင်အုပ်စုက ဆိုပါတယ်။

WHO ရဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီကတော့ "ကိုရိုနာဗိုင်းရပ်စ်က လေထဲကနေ ကူးစက်နိုင်ခြေကို ထည့်သွင်းစဥ်းစားတယ်ဆိုတာ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်မတို့ အကြိမ်အချို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ လေထဲကနေ ကူးစက်တာမျိုး ခိုင်မာတဲ့ ဒါမှမဟုတ် ရှင်းလင်းတဲ့ အထောက်အထားတောင် မရှိခဲ့ပါဘူး" လို့ ပြောခဲ့ကြောင်း New York Times က ကိုးကားဖော်ပြထားခဲ့ပါတယ်။

(ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီ) (Photo: AFP)

ဇူလိုင် ၇ ရက် သတင်းစာရှင်းလင်းပွဲမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားရှိခဲ့ကြောင်း၊ သို့သော် ခိုင်မာတိကျမှုတော့ မဟုတ်ခဲ့ဘူးလို့ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီကလည်း ပြောလာခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

"လေထဲကနေ ကူးစက်နိုင်တဲ့ ဖြစ်နိုင်ခြေက အထူးသဖြင့် လူအုပ်စုတွေမှာ၊ ပိတ်ထားပြီး လေဝင်လေထွက် မကောင်းတဲ့ အခြေအနေတွေမှာပါ၊ ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားက အချက်အလက်စုဆောင်းဖို့နဲ့ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ ဒါကို ဆက်လက် ထောက်ခံပြီး ဝိုင်းဝန်းကူညီသွားမှာပါ" လို့ ဒေါက်တာ ဘန်နီဒက်တာ အယ်လီဂရန်ဇီက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က