သုတေသနအရ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းကနေပင် ထွက်လာတဲ့ အမှုန်အမွှားလေးများကလည်း ဗိုင်းရပ်စ်ကို ပျံ့နှံ့သွားစေနိုင်တယ်လို့ ဆိုပါတယ်။

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-COV-2) ဟာ နှာချေ၊ ချောင်းဆိုးခြင်းဖြင့်သာမကဘဲ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းဖြင့်ပင် ကူးစက်ပျံ့နှံ့နိုင်ကြောင်း သုတေသနရလဒ်က ဖော်ပြတယ်လို့ ဂုဏ်သတင်းကြီးတဲ့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အမေရိကန်သမ္မတအိမ်ဖြူတော်ကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၁ ရက်) ညမှာ ပြောကြားခဲ့ပါတယ်။

(Photo: Getty Imags)

"လက်ရှိ ဗိုင်းရပ်စ်ကို အသေးစိတ် သုတေသနပြုလုပ်တာက အကန့်အသတ်ရှိပါတယ်၊ ရရှိနိုင်တဲ့ လေ့လာမှုတွေရဲ့ ရလဒ်တွေမှာတော့ ပုံမှန်အသက်ရှူခြင်းကနေ ထွက်လာတဲ့ အမှုန်အမွှားတွေမှတစ်ဆင့် ဗိုင်းရပ်စ် ပျံ့နှံ့နိုင်တယ်ဆိုတဲ့အချက်က ကိုက်ညီနေပါတယ်" လို့ National Academy of Sciences (NAS) သိပ္ပံပညာရှင်အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ Harvey Fineberg က အိမ်ဖြူတော်သို့ ပေးပိုတဲ့စာထဲမှာ ပြောထားပါတယ်။



ဒေါက်တာ Harvey Fineberg က ကုန်စုံစတိုးဆိုင်ကိုသွားတဲ့အခါ mask စတင်တပ်သွားတော့မယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။ "ကျွန်တော် ခွဲခန်းသုံး mask တော့ မတပ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဆေးရုံဝန်ထမ်းတွေက အဲဒါတွေ လိုတယ်လေ" လို့ ၎င်းကဆိုပါတယ်။ ခွဲခန်းသုံး mask အစား အနောက်တိုင်းစတိုင် လက်ကိုင်ပဝါအကြီးတစ်ထည် တပ်ဆင်သွားမယ်လို့ ပြောပါတယ်။ ဒေါက်တာ Harvey Fineberg ဟာ Harvard School of Public Health မှာ ဌာနမှူးအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

(Photo: The Hill)

သမ္မတအိမ်ဖြူတော်ရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ Anthony Fauci ကလည်း အမေရိကန်မှာ mask အသုံးပြုရေး အစီအစဥ်ကို ၎င်းတို့အဖွဲ့က ဆွေးနွေးနေကြကြောင်း အင်္ဂါနေ့ (မတ်လ ၃၁ ရက်) မှာ CNN ကို ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အိမ်ဖြူတော်အနေနဲ့ တစ်နိုင်ငံလုံးကို mask တပ်ဆင်ကြရန် အကြံပြုချက်များ မကြာမီ ထုတ်ပြန်သွားမယ်လို့ ကြာသတေးနေ့ (ဧပြီ ၂ ရက်) ညနေပိုင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ထိုအတောအတွင်း နယူးယော့ခ်မြို့တော်ဝန် Bill de Blasio ကတော့ မြို့ခံများအားလုံး နေအိမ်ပြင်ပသွားလာချိန်မှာ ၎င်းတို့ရဲ့ မျက်နှာတွေကို ဖုံးအုပ်ထားကြရန် ဧပြီ ၂ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။

(Photo: CNN)

"ရှင်းအောင်ပြောရရင် ဒါက မျက်နှာကို ဖုံးအုပ်ထားတာပါ၊ လည်စည်းပဝါတစ်ခုလည်း ဖြစ်နိုင်ပါတယ်၊ ကိုယ့်ဘာသာ အိမ်မှာ ဖန်တီးထားတဲ့ တစ်ခုခုလည်း ဖြစ်နိုင်တာပဲ၊ လက်ကိုင်ပဝါအကြီးတစ်ခုနဲ့လည်း မျက်နှာကိုဖုံးထားနိုင်တာပါပဲ" လို့ မြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (Centers for Disease Control and Prevention - CDC) ရဲ့ အဆိုအရ COVID-19 ဗိုင်းရပ်စ်ဟာ လူများ တစ်ဦးနဲ့တစ်ဦး ၆ ပေခန့် အကွာအဝေးအတွင်းရှိနေစဥ် ကူးစက်ခံထားရသူတစ်ဦးက ချောင်းဆိုး၊ နှာချေရာမှ လွင့်ထွက်လာတဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သွားနိုင်ကြောင်း သိရပါတယ်။

(Photo: AFP)

CDC က ပြောကြားထားမှုဟာ မှန်ကန်ကြောင်း၊ သို့သော် သုတေသနအရ ချောင်းဆိုး၊ နှာချေခြင်းအပြင် စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းကနေပင် ထွက်လာတဲ့ အမှုန်အမွှားလေးများကလည်း ဗိုင်းရပ်စ်ကို ပျံ့နှံ့သွားစေနိုင်တယ်လို့ ဒေါက်တာ Harvey Fineberg က ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးဖြစ်နေပြီး ယနေ့ ညနေပိုင်းအထိ ကူးစက်ခံရသူ ၂၄၅,၄၄၂ ဦးရှိပြီး ၆,၀၉၈ ဦး သေဆုံးခဲ့ပါတယ် အမေရိကန်မှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၀,၄၁၁ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က