ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက စစ်တပ်ကို အသင့်ပြင်ခိုင်းထားကြောင်း မကြာသေးမီက ပြောခဲ့ပါတယ်။
Ko John

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (Demilitarised Zone - DMZ) အတွင်းဝင်ရောက်ရန် မြောက်ကိုရီးယားစစ်တပ်က အလုံးစုံ အဆင့်သင့်ဖြစ်နေပြီလို့ မြောက်ကိုရီးယားအစိုးရသတင်းဌာနက KCNA က ယနေ့ (ဇွန် ၁၆ ရက်) ပြောကြားလိုက်ပါတယ်။

(ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံ) (Photo: Reuters)

ယခု ခြိမ်းခြောက်မှုဟာ တောင်ကိုရီးယားဘက်သို့ ရောက်ရှိသွားတဲ့ ဘက်ပြောင်းခိုလှုံသူအုပ်စုတွေက မြောက်ကိုရီးယားဆန့်ကျင့်ရေး ဝါဒဖြန့် လက်ကမ်းစာရွက်ကဲ့သို့ ပစ္စည်းများကို မြောက်ကိုရီးယားနိုင်ငံထဲသို့ ပေးပို့နေခဲ့မှုအပေါ် တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက တောင်ကိုရီးယားကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ရန် စစ်တပ်ကို အသင့်ပြင်ခိုင်းထားကြောင်း ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားစစ်တပ်က DMA ကိုဝင်ရန် အသင့်ဖြစ်နေပြီလို့ ပြောဆိုမှုထွက်ပေါ်လာခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းအရ နှစ်နိုင်ငံ ဆက်ဆံ‌ရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲလိုက်ကြောင်းလည်း သိရပါတယ်။

(မြောက်ကိုရီးယားဘက်သို့ ပို့လွှတ်တဲ့ လေပူဖောင်းအချို့) (Photo: AFP)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ လက်ကမ်းစာရွက်ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အရေး‌ပေါ် ဆက်သွယ်ရေးတွေကို ဖြတ်တောက်ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်မှ လက်ကမ်းစာရွက်တွေကို ပုံမှန်အားဖြင့် လေပူဖောင်းများလွှတ်ခြင်း သို့မဟုတ် ပုလင်းများထဲသို့ထည့်သွင်းမျောခြင်းတို့ဖြင့် ပေးပို့နေခဲ့ပါတယ်။

အဆိုပါ လက်ကမ်းစာရွက်တွေမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ၎င်းရဲ့ နျူကလီးယားရည်မှန်းချက်များနဲ့ ပတ်သက်ပြီး ဝေဖန်ထားတယ်လို့ ဆိုပါတယ်။ ကိုရီးယားအရေး လေ့လာသူတွေကတော့ မြောက်ကိုရီးယားက အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုတွေ ရပ်တန့်နေစဥ် တောင်ကိုရီးယားကို တိုးမြှင့်ဖိအားပေးရန် အကျပ်အတည်းတစ်ခု ဖန်တီးနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

(ကင်မ်ဂျုံအန်နဲ့ စစ်ဘက်အရာများ) (Photo: Reuters)

မြောက်ကိုရီးယားစစ်တပ် Korean People's Army (KPA) ရဲ့ အကြီးအကဲက ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆိုးရွားလာနေကြောင်းနဲ့ ရှေ့တန်းနေရာကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲရန် အစီအစဥ်တစ်ခုကို လေ့လာနေခဲ့ကြောင်း ယနေ့ ပြောပါတယ်။ ထိုအစီအစဥ်ထဲမှာ ကိုရီးယားနှစ်နိုင်ငံ သဘောတူညီမှုအရ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေအတွင်းသို့ မြောက်ကိုရီးယားစစ်တပ် ပြန်လည်ဝင်ရောက်ခြင်းလည်း ပါဝင်တယ်လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ယခုပြောဆိုမှုတွေဟာ ၂၀၁၈ ခုနှစ်အတွင်း နှစ်နိုင်ငံ တင်းမာမှုလျှော့ချရန် သဘောတူညီမှုအရ ဖျက်သိမ်းထားခဲ့ နယ်စပ်အနီး ကင်းစခန်းတွေကို ပြန်လည်ထားရှိသွားမယ်လို့ ဆိုလိုခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားသတင်းတွေက ဆိုပါတယ်။ မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားဘက်သို့ လက်ကမ်းစာရွက် များပြားစွာ ဖြန့်ကျဲသွားမယ်လို့လည်း သိရပါတယ်။

(ကိုရီးယားနှစ်နိုင်ငံ နယ်စပ်နေရာတစ်ခု) (Photo: AP)

လက်ကမ်းစာရွက်များ ပေးပို့နေမှုအပေါ် မြောက်ကိုရီးယားက ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်မှ ဘက်ပြောင်းခိုလှုံလာတဲ့ အုပ်စုနှစ်ခုရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အရေးယူပေးရန် တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ထားကြောင်းလည်း သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး "ဆွေးနွေးမှုတံခါးမပိတ်ရန်" တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မြောက်ကိုရီးယားကို ယမန်နေ့ (ဇွန် ၁၅ ရက်) က တိုက်တွန်းခဲ့ပါတယ်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ထက် စစ်ရပ်ဆိုင်းမှုဖြင့်သာ ပြီးဆုံးခဲ့ရာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ သတ်မှတ်ချက်အရ လက်ရှိအချိန်အထိ စစ်ပွဲအတွင်း ရှိနေဆဲဖြစ်ပါတယ်။

(တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း) (Photo: Reuters)

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အတွင်း မေ ၃ ရက်နေ့က အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဘက်မှ နှစ်နိုင်ငံနယ်စပ်ရှိ တောင်ကိုရီးယား ကင်းစခန်းတစ်ခုဆီသို့ ဦးတည်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားဘက်သို့ သေနတ်ဖြင့် နှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ မရှိခဲ့ဘူးလို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ယခုဖြစ်ရပ်ဟာ ငါးနှစ်အတွင်း မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားဘက်သို့ ပထမဆုံးအကြိမ် ပစ်ခတ်မှုလည်း ဖြစ်လာပါတယ်။


က္က