အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရန် ကူညီခဲ့တဲ့ အမျိုသား ထိုဥပဒေအရ ကြိမ်ဒဏ်ခံခဲ့ရပါတယ်။
Ko John

အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရန် အကြံပေးကူညီခဲ့တဲ့ အမျိုသားတစ်ဦးဟာ ၎င်းကိုယ်တိုင် အိမ်ထောင်ရှိအမျိုးသမီးနဲ့ ငြိစွန်းခဲ့မှုကြောင့် ထိုဥပဒေအရ ကြိမ်ဒဏ်ချမှတ်ခံရပြီး အများမြင်ကွင်းမှာ အရိုက်ခံခဲ့ရပါတယ်။

(မွတ်ခ်လစ်ကို ခေါ်ဆောင်လာစဥ်) (Photo: AFP/Getty Images)

အာချေးအိုလမာကောင်စီ (Aceh Ulema Council - MPU)မှ မွတ်ခ်လစ်ဘင်မူဟမ်မက် အမည်ရှိ အမျိုးသားကို အများမြင်ကွင်းမှာ ကြိမ်ဒဏ် ၂၈ ချက်ရိုက်ပြီး ပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်းနဲ့ ချစ်ကြိုက်ခဲ့တဲ့ အိမ်ထောင်သည်အမျိုးသမီးကိုလည်း ကြိမ်ဒဏ် ၂၃ ချက် ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။

မွတ်ခ်လစ်ဟာ အလွန်ရှေးရိုးစွဲဆန်ပြီး အစ္စလာမ်မစ်ဥပဒေ ရှရီအာ (Sharia) ကို လိုက်နာကျင့်သုံးတဲ့ အင်ဒိုနီးရှားမှ တစ်ခုတည်းသောနေရာြဖစ်တဲ့ အာချေးဒေသမှလည်း ဖြစ်ပါတယ်။ အာချေးမှာ လိင်တူဆက်ဆံခြင်းနဲ့ လောင်ကစားခြင်းကိုလည်း အများမြင်ကွင်းမှာ ကြိမ်ဒဏ်ချမှတ် အပြစ်ပေးလေ့ရှိပါတယ်။

(မွတ်ခ်လစ်ဘင်ကို ကြိမ်ဒဏ်အပြစ်ပေးစဥ်) (Photo: AFP/Getty Images)

"ဒါက ဘုရားသခင်ရဲ့ ဥပဒေပဲ၊ အပြစ်ရှိရင် ဘယ်သူမဆို ကြိမ်ဒဏ်ခံရမှာပဲ၊ သူက MPU အဖွဲ့ဝင်ဖြစ်နေခဲ့ရင်လည်း အရိုက်ခံရမှာပါ" လို့ အာချေးဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး ဟူဆိုင်နီဝါဟက်ဘ်က BBC News Indonesia ကို ပြောပါတယ်။ မွတ်ခ်လစ်ကို ကြာသပတေးနေ့ (အောက်တိုဘာ ၃၁ ရက်) က ကြိမ်ဒဏ်အပြစ်ပေးခဲ့ပြီး MPU မှ ထုတ်ပယ်လိုက်ကြောင်းလည်း ၎င်းကဆိုပါတယ်။

ကာမပိုင်ရှိသူနဲ့ ချစ်ကြိုက်မှုဖြင့် ကြိမ်ဒဏ်အပြစ်ပေးခံရတဲ့ အသက် ၄၆ နှစ်အရွယ် မွတ်ခ်လစ်ဟာ ဒေသဆိုင်ရာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အာချေးမှာ ၂၀၀၅ ခုနှစ်က ရှရီအာဥပဒေ စတင်သက်ရောက်ခဲ့ပြီးနောက်ပိုင်း ဘာသာရေးခေါင်းဆောင်တစ်ဦးကို အများမြင်ကွင်းမှာ ကြိမ်ဒဏ်အပြစ်ပေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရပါတယ်။

(မွတ်ခ်လစ်ဘင်နဲ့ ငြိစွန်းခဲ့သည့် အမျိုးသမီးကို ကြိမ်ဒဏ်အပြစ်ပေးစဥ်) (Photo: AFP/Getty Images)

မွတ်ခ်လစ်ရဲ့ အဖွဲ့အစည်း MPU က အာချေးမှာ ရှရီအာဥပဒေမူကြမ်း ရေးဆွဲမှုနဲ့ အကောင်အထည်ဖော် အသက်ဝင်ရန်ဆောင်ရွက်မှုအတွက် ဒေသဆိုင်ရာ အစိုးရနဲ့ ဥပဒေပြုလွှတ်တော်ကို အကြံပေးခဲ့ပါတယ်။ အာချေးဒေသဟာ အင်ဒိုနီးရှားမှာ အထူးအုပ်ချုပ်ခွင့်ရ‌ဒေသအဖြစ် ပိုမိုတင်းကြပ်တဲ့ အစ္စလာမ်မစ်ဥပဒေများကို ပြဌာန်းကျင့်သုံးခဲ့တာ ဆယ်စုနှစ်တစ်ခုကြာပြီ ဖြစ်ပါတယ်။

(မွတ်ခ်လစ်ဘင်နဲ့ အမျိုးသမီးကို တရားရုံးမှာကြားနာစစ်ဆေးမှု) (Photo: AFP/Getty Images)

အာချေးမှာ လိင်တူဆက်ဆံမှုနဲ့ ပတ်သက်တဲ့ ဥပဒေကိုလည်း ၂၀၁၄ ခုနှစ်က အတည်ပြုခဲ့ပြီး နောက်နှစ်မှာ အသက်ဝင်စေခဲ့ကြောင်း သိရပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှု၊ လောင်ကစားမှုနဲ့ အရက်သေစာ သောက်သုံးမှု၊ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု အားလုံးဟာလည်း ရှရီအာဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ အာချေးဒေသမှာ ၂၀၁၇ ခုနှစ်က လိင်တူဆက်ဆံသူ အမျိုးသားနှစ်ဦးကို ကြိမ်ဒဏ် ၈၃ ချက်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က