loading...

loading...

loading...

ပထမဆုံး COVID-19 ဖြစ်ပွားတဲ့နေရာမှာပင် ကလေးတွေဟာ ပြင်းထန်တဲ့ရောဂါဖြစ်ပွားမှု နည်ပါးပါတယ်။
Ko John

ကလေးတွေမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပါက ပြင်းထန်တဲ့ ရောဂါလက္ခဏာများ ဖြစ်ပွားမှု ရှားပါးတယ်လို့ သိရပါတယ်။

(Photo: AFP)

အကြောင်းရင်း မသိရသေးပေမဲ့ ပထမဆုံး COVID-19 ဖြစ်ပွားတဲ့နေရာမှာပင် ကလေးတွေဟာ ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှု နည်ပါးကြောင်း ကျွမ်းကျင်သူတွေက AFP သတင်းဌာနကို ပြောပါတယ်။ သို့သော် ထိုအခြေအနေက နို့စို့အရွယ်၊ လမ်းလျှောက်တတ်စနဲ့ ဆယ်ကျော်သက်တွေမှာ ဗိုင်းရပ်စ်မကူးစက်ဘူးလို့ ဆိုလိုခြင်းမဟုတ်ကြောင်းလည်း ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။

"ကလေးတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရပေမဲ့ သူတို့ အရမ်းနေမကောင်းတာမျိုး ဒါမှမဟုတ် သေဆုံးတာမျိုး မရှိခဲ့တာ ကျွန်တော်တို့ သိခဲ့ရတယ်" လို့ Johns Hopkins Bloomberg School of Public Health မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဂျက်စတင်လက်စ်လာက ဆိုပါတယ်။

(Photo: AFP)

"ကျွန်တော်တို့ မသိတာက ဒီလို ရောဂါလက္ခဏာမပြသူတွေ ဒါမှမဟုတ် မပြင်းထန်တဲ့ ရောဂါလက္ခဏာပဲရှိတဲ့ ကလေးတွေကနေ ဘယ်လောက်များများ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စေတယ်ဆိုတာပါ၊ အဲဒါက ကူးစက်ပျံ့နှံ့မှုမှာ သူတို့ရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်ဖို့ အဓိကကျပါတယ်" လို့လည်း ဂျက်စတင်လက်စ်လာက ပြောပါတယ်။

ဖေဖေါ်ဝါရီလလယ်ပိုင်းမှစပြီး COVID-19 စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄,၀၀၀ ကို လေ့လာဆန်းစစ်မှုတွေအရ အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ်အတွင်းရှိသူ အရေအတွက် တစ်ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အသက် ၁၀ နှစ်အောက် ဗိုင်းရပ်စ်ကူးစက်ခံ လူနာအရေအတွက်ဟာ တစ်ရာခိုင်နှုန်းအောက်ဖြစ်ပြီး သေဆုံးသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: AFP)

"အသက် ၂၀ အောက်တွေကြားမှာ ကူးစက်ခံရမှုနဲ့ ရောဂါပြင်းထန်မှုတွေ ဘာလို့နည်းနေလဲဆိုတာ သိရှိနိုင်ဖို့ ကျွန်မတို့ ကြိုးပမ်းနေဆဲပါ" လို့ အမေရိကန် National Institute of Health ရဲ့ Fogarty International Centre မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Cecile Viboud က ပြောပါတယ်။

ကလေးတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ ရောဂါပြင်းထန်မှု နည်းပါးရမှုအပေါ် အယူအဆများရှိနေပေမဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးပါဘူး။ မတ်လ ၁၄ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၇,၈၄၉ ဦးရှိပြီး ၅,၆၀၆ ဦး သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ မတ်လ ၁၄ ရက် ညပိုင်းအထိ ၇၂,၀၆၀ ဦးရှိခဲ့ပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်ခံရပေမဲ့ မပြင်းထန်တဲ့ ရောဂါလက္ခဏာ သို့မဟုတ် ရောဂါလက္ခဏာမပြသူ အများအပြား ရှိနေနိုင်ခြင်းကိုပါ ထည့်သွင်းတွက်ချက်ပါက ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ အရေအတွက်ဟာ ယခုထက် များစွာပိုမိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှာ လျော့ကျလာပေမဲ့ ဥရောပနဲ့ အီရန်၊ အမေရိကန်၊ ဗြိတိန်တို့မှာ သိသာစွာ မြင့်တက်နေပါတယ်။ ထိုအတောအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်လာတဲ့ ဗြိတိန်နိုင်ငံမှ ခရီးသွားလာရောက်မှုကို အမေရိကန်က ပိတ်ပင်လိုက်ပါတယ်။

(Photo: AFP)

အစောပိုင်းမှာတော့ အမေရိကန်က ဥရောပနိုင်ငံများမှ ခရီးသွားလာရောက်မှုကို ရက် ၃၀ ကြာ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရလည်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် တစ်ရက်တည်းမှာ ၁,၅၀၀ အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့တဲ့ စပိန်တစ်နိုင်ငံလုံးမှာ ၁၅ ရက်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

စပိန်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေလည်း ကြေညာထားပြီး ဒေသစံတော်ချိန် မတ်လ ၁၃ ရက် (သောကြာနေ့) က စတင်သက်ရောက်ခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က