ကျွန်တော်တို့ရဲ့ အချုပ်အခြာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် နည်းလမ်းသစ်တစ်ခုကို စဉ်းစားရမှာပေါ့

အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေပါက မြောက်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ချဉ်းကပ်ပုံပြောင်းလဲရန် စဉ်းစားနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်က ယနေ့ (ဇန်နဝါရီ ၁ ရက်) ပြောကြားတဲ့ ၎င်းရဲ့ နှစ်သစ်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ၁၂ လကြာ သံတမန်ဆက်ဆံရေး ပြန်လည်တိုးတက်လာခဲ့ပြီးနောက် ကင်မ်ဂျုံအန်က ယခုလို သတိပေးမှုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

(နှစ်သစ်မိန့်ခွန်းပြောနေသည့် ကင်မ်ဂျုံအန်) (Photo: Reuters)

"အမေရိကန်က တစ်ကမ္ဘာလုံးရှေ့မှာ သူပေးခဲ့တဲ့ကတိကို မတည်ဘူးဆိုရင်၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံကို အရေးယူပိတ်ဆို့မှုတွေနဲက ဖိအားပေးမှုတွေ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ကို ရွေးချယ်စရာမရှိ ဖြစ်နိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အချုပ်အခြာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် နည်းလမ်းသစ်တစ်ခုကို စဉ်းစားရမှာပေါ့" လို့ ကင်မ်ဂျုံအန်က ပြောကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ဟာ ယမန်နှစ် ဇွန်လအတွင်း စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တိုးတက်ကောင်မွန်စေရန် အပါအဝင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း နျူကလီးယားအရေး ဆက်လက်ဆွေးနွေးကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

(ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် စင်ကာပူမှာ တွေ့ဆုံခဲ့စဉ်) (Photo: AFP)

"အမေရိကန်သမ္မတနဲ့ ဘယ်အချိန်မဆို နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ အသင့်ပါပဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုလက်ခံကြမယ့် ရလဒ်တစ်ခုထွက်ပေါ်လာဖို့ အားထုတ်သွားမှာပါ" လို့ မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ နှစ်သစ်မိန့်ခွန်းမှာ ကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။ ရုပ်သံထုတ်လွှင့်မှုအရ ကင်မ်ဂျုံအန်က ဆိုဖာထိုင်ခိုင်တစ်လုံးမှာထိုင်လျက် စာအုပ်စင်ကြီးတစ်ခု၊ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ၎င်းရဲ့ဖခင် ကင်မ်ဂျုံအီလ်နဲ့ အဘိုးဖြစ်သူ ကင်မ်အီလ်ဆွန်းတို့ရဲ့ ရုပ်ပုံကားချပ်ကြီးတွေကို ဆင်ယင်ထားရှိတဲ့ ရုံးခန်းကျယ်ကြီးထဲမှာ နှစ်သစ်မိန့်ခွန်းပြောနေတာ တွေ့ရပါတယ်။

(မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်စဉ်) (Photo: Getty Images)

ခေါင်းဆောင်ကင်မ်ဂျုံအန်ရဲ့ နှစ်သစ်မိန့်ခွန်းဟာ မြောက်ကိုရီးယားနိုင်ငံရေးမှာ အရေးပါတဲ့ အခိုက်အတန့်ဖြစ်ပြီး ပြီးခဲ့တဲ့ အခြေအနေတွေကို သုံးသပ်မှုနဲ့ အနာဂတ် နိုင်ငံရေးရည်မှန်းချက်တွေကို ပြောကြားမှုလေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကို ကူးပြောင်းရောက်ရှိစဉ်က ကင်မ်ဂျုံအန် ပြောကြားခဲ့တဲ့ နှစ်သစ်မိန့်ခွန်းဟာလည်း သံတမန်ဆက်ဆံရေး အပြောင်းအလဲတွေအတွက် အရေးပါခဲ့ပြီး ထိုပြောကြားမှုတွေအတိုင်း မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ယခုနှစ် နှစ်သစ်မိန့်ခွန်းအပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှတ်ချက်ပြုမှုကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ၆ ကြိမ်နဲ့ အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်အပါအဝင် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမဲ့လည်း မြောက်ကိုရီးယားက ဂရုမစိုက်ဘဲ ၎င်းရဲ့ လက်နက်အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။



က္က