ဧရာမ မီးတောက်ကြီးတစ်ခုနဲ့ မီးခိုးလုံးကြီး ထွက်ပေါ်ခဲ့ပါတယ်

တရုတ်နိုင်ငံက နျူကလီးယားမဟုတ်တဲ့ ၎င်းရဲ့ အားအပြင်းဆုံးလက်နက်ကို စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးမိခင် သို့မဟုတ် ဗုံးအားလုံးရဲ့မိခင် (Mother of All Bombs - MOAB) လို့ သတ်မှတ်ခေါ်ဝေါ်ကြတဲ့ အားအပြင်းဆုံးဗုံးကို တရုတ်က စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

(Photo: Kevin McCauley/Twitter)

အဆိုပါဗုံးဟာ နျူကလီးယားမဟုတ်တဲ့ အားအပြင်းဆုံး လက်နက်ဖြစ်ပြီး အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်စစ်ပွဲအတွင်း လက်တွေ့ အသုံးပြုကြဲချခဲ့ဖူးပါတယ်။ ယခုအခါ တရုတ်ကလည်း ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ပိုင်ဆိုင်ထားတဲ့ MOAB ဗုံးတစ်လုံးကို စမ်းသပ်ခဲ့ပါတယ်။



တရုတ်အစိုးရပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Norinco က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ ကြီးမားတဲ့ဗုံးကို လွင်ပြင်ကျယ်တစ်ခုမှာ ကြဲချလိုက်ပြီးနောက် ဧရာမ မီးတောက်ကြီးတစ်ခုနဲ့ မီးခိုးလုံးကြီး ထွက်ပေါ်လာတာ တွေ့ခဲ့ရပါတယ်။ အစိုးရသတင်းဌာန ဆင်ဟွာက ဆိုရှယ်မီဒီယာမှာ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂ ရက်) က ပထမဆုံးအကြိမ် အဆိုပါ ဗုံးအကြောင်း ဖော်ပြခဲ့ရာမှာ တရုတ်ပုံစံ ဗုံးမိခင်လို့ သုံးနှုန်းထားကြောင်း AFP သတင်းက ပြောပါတယ်။

(Photo: Kevin McCauley/Twitter)

နျူကလီးယားလက်နက်ပြီးလျှင် အားအပြင်းဆုံးဖြစ်တဲ့ MOAB ကို တရုတ်နိုင်ငံထုတ် H-6K ဗုံးကြဲလေယာဉ်ဖြင့် ကြဲချခဲ့ကြောင်း ဆင်ဟွာကပြောပါတယ်။ MOAB ဗုံးကို စမ်းသပ်ခဲ့တဲ့နေ့ရက်၊ နေရာ သို့မဟုတ် ဗုံးပေါက်ကွဲမှု သက်ရောက်တဲ့ ဧရိယာပမာဏနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဆင်ဟွာက ဖော်ပြခဲ့ခြင်းမရှိပါဘူး။

အမေရိကန်က အလားတူ MOAB ဗုံးကို ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့မှာ အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ အိုင်အက်စ်အကြမ်းအုပ်စုမှ တိုက်ခိုက်ရေးသမားတွေအပေါ် လက်တွေ့ ကြဲချခဲ့ဖူးပြီး အိုင်အက်စ်တိုက်ခိုက်ရေးသမား ၁၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: National Interest)

တရုတ်နိုင်ငံရဲ့ MOAB ဗုံးဟာ ၁၆ ပေမှ ၁၉ ပေအထိရှည်ကြောင်းနဲ့ အမေရိကန်ထုတ် MOAB ဗုံးထက် အလေးချိန်ပိုနည်းကြောင်း စစ်ဘက်ဆိုင်ရာ ဆန်းစစ်ဝေဖန်သူ Wei Dongxu က ပြောကြားကြောင်း Global Times သတင်းက သောကြာနေ့ (ဇန်နဝါရီ ၃ ရက်) မှာ ဖော်ပြထားပါတယ်။ "ဒီဗုံးရဲ့ ကြီးမားတဲ့ပေါက်ကွဲမှုအရှိန်က မြေပြင်ခံတပ်တွေကို အလွယ်တကူ ပျက်စီးသွားစေနိုင်ပါတယ်" လို့ ၎င်းကပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က