အသက် ၁၁၆ နှစ်အရွယ် အဘွားအို ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ် အဘွားအိုဟာ သက်ရှိထင်ရှားရှိနေဆဲ ကမ္ဘာ့အသက်အကြီးဆုံး လူသားဖြစ်တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်များ အဖွဲ့အစည်းက ယနေ့ (မတ်လ ၉ ရက်) တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

(ဂင်းနစ်စံချိန်ပေးအပ်တဲ့ အခမ်းအနားမှာ တွေ့ရသည့် အဘွားအို) (Photo: Guinness World Records)

ဂျပန်အဘွားအိုဟာ အသက် ၁၁၆ နှစ်ရှိပြီဖြစ်ပေမဲ့ သင်္ချာပညာရပ်ကို လေ့လာသင်ကြားနေဆဲနဲ့ စစ်တုရင်ကဲ့သို့ ဦးနှောက်သုံးရတဲ့ ဂိမ်းကစားနည်းတွေ ကစားနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်ဖြစ်လာတဲ့ ဂျပန်အဘွားအို ကာနီတာနာကာ (Kane Tanaka) ဟာ ၁၉၀၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ လမစေ့မီ မွေးဖွားခဲ့သူဖြစ်တယ်လို့ ဂင်းနစ်အဖွဲ့ (Guinness World Records) က ပြောပါတယ်။



အဘွားအိုကာနီကို ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ အခမ်းအနားကို ဂျပန်အနောက်ပိုင်း ဖူကူအိုကာမြို့ရှိ သူမ နေထိုင်ရာ ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ပြီး မြို့တော်ဝန် ဆိုချီရို တာကာရှီမာနဲ့ အခြား ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။

(ဂင်းနစ်စံချိန်နဲ့အတူ တွေ့ရသည့် အဘွားအို) (Photo: Guinness World Records)

အခမ်းအနားမှာ အဘွားအိုကာနီအား မည်သည့်အချိန်မှာ အပျော်ဆုံးဖြစ်ခဲ့ပါသလဲလို့ မေးမြန်းခဲ့ရာ အဘွားအိုက အခုအချိန်ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ အဘွားအိုဟာ ၁၉၂၂ ခုနှစ်မှာ ဟိုက်ဒီအို တာနာကာနဲ့ လက်ထပ်ခဲ့ပြီး ကလေး ၄ ဦး မွေးဖွားခဲ့ကာ ပဉ္စမမြောက်ကလေးတစ်ဦးကိုလည်း မွေးစားခဲ့ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အဘွားအိုကာနီက ပုံမှန်အားဖြင့် မနက် ၆ နာရီမှာ အိပ်ရာထလေ့ရှိပြီး မွန်းလွဲပိုင်းတွေမှာ သင်္ချာပညာ လေ့လာသင်ကြားခြင်းနဲ့ လက်ရေးအလှ ရေးဆွဲလေ့ကျင့်ခြင်းတို့ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

(အဘွားအိုကာနီ (ရှေ့တန်းအလယ်မှ) နှင့် မောင်နှမများ) (Photo: Guinness World Records)

"အဘွားအိုကာနီ အနှစ်သက်ဆုံး ဝါသနာက Othello (ကြားကွက်ရွှေ့သကဲ့သို့ ဂိမ်း) ဂိမ်းကစားတာပဲ၊ သူမက အဲဒီဂိမ်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီး ဘိုးဘွားရိပ်သာ ဝန်ထမ်းတွေကို မကြာခဏ အနိုင်ရလေ့ရှိတယ်" လို့ ဂင်းနစ်အဖွဲ့က ပြောပါတယ်။ ဂျပန်ဟာ လူ့သက်တမ်းအရှည်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အသက်အကြီးဆုံး လူသားအဖြစ် အသိအမှတ်ပြုခံရသူတွေ ယခင်ကလည်း ရှိခဲ့ဖူးပါတယ်။

(ကမ္ဘာ့အသက်အကြီးဆုံး ဖြစ်လာသည့် အဘွားအိုကာနီ) (Photo: Getty Images)

၎င်းတို့အနက် အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ရောက်ရှိပြီးနောက် ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ကွယ်လွန်ခဲ့တဲ့ ဂျီရိုမွန် ကီမူရာလည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရသူမှာ ပြင်သစ်နိုင်ငံမှ Jeanne Louise Calment အမည်ရှိ အဘွားအိုဖြစ်ပြီး သူမဟာ ၁၉၉၇ ခုနှစ်အတွင်း အသက် ၁၂၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းတွေအရ သိရပါတယ်။


Share

Loading Next Article...
က္က