ဂျပန်ရဲ့ နောက်ထပ်မျိုးဆက် ကျည်ဆန်ရထားကို စမ်းသပ်ခုတ်မောင်းခဲ့ပါတယ်။

ကမ္ဘာ့အမြန်ဆုံးရထားဖြစ်လာမယ့် ဂျပန်နိုင်ငံရဲ့ နောက်ထပ်မျိုးဆက် ကျည်ဆန်ရထား ရှေ့ပြေးပုံစံတစ်ခုကို မေ ၁၆ ရက်နေ့က စမ်းသပ်ခုတ်မောင်းခဲ့ရာ အမြန်နှုန်း တစ်နာရီလျှင် ၁၉၉ မိုင်နီးပါးအထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

ALFA-X လို့ အမည်ပေးထားတဲ့ ကျည်ဆန်ရထားဟာ ဆယ်စုနှစ်တစ်ခုခန့်အတွင်း စတင်ဝန်ဆောင်မှုပေးချိန်မှာ ခရီးသည်များတင်ဆောင်ထားချိန် အမြန်နှုန်းဟာ တစ်နာရီလျှင် ၂၂၄ မိုင်အထိ ရောက်ရှိလာမယ်လို့လည်း East Japan Railway ရထားကုမ္ပဏီက ပြောပါတယ်။ ယခု ကျည်ဆန်ရထားရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီလျှင် ၂၄၉ မိုင်အထိ ဖြစ်တယ်လို့လည်း သိရပါတယ်။



တွဲ ၁၀ တွဲပါပြီး ရှည်လျားတဲ့ နှာခေါင်ပုံသဏ္ဍန် ရထားခေါင်းတွဲဖြင့် ကျည်ဆန်ရထားကို မေလအစောပိုင်းမှာ တည်ဆောက်ပြီးခဲ့ပြီး ကုန်ကျစရိတ် ဂျပန်ယန်းငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၁ သန်း) ဖြစ်တယ်လို့ဆိုပါတယ်။ မေ ၁၆ ရက်နေ့က စမ်းသပ်ပြေးဆွဲမှုအဖြစ် Sendai နဲ့ Morioka မြို့နှစ်မြို့ကြား ခုတ်မောင်းခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Kyodo)

ကျည်ဆန်ရထားသစ် စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပြုလုပ်နေခဲ့ပေမဲ့ မေ ၁၆ ရက် စမ်းသပ်ခုတ်မောင်းမှုကျမှသာ မီဒီယာတွေကို ပထမဆုံးအကြိမ် လာရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ "ကျွန်တော်တို့ ကျည်ဆန်ရထား စမ်းသပ်ပြေးဆွဲမှုကို ဒီနေ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ စမ်းသပ်မှုကို နောက်ထပ် သုံးနှစ်လောက် ဆက်လက် လုပ်ဆောင်သွားမှာပါ" လို့ East Japan Railway မှ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။

အမြန်ဆုံး ကျည်ဆန်ရထားကို ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုင်းကျွန်းရှိ အကြီးဆုံးမြို့ Sapporo သို့ ကျည်ဆန်ရထားဝန်ဆောင်မှု တိုးချဲ့သွားမယ့် ၂၀၃၀ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း စတင်ပြေးဆွဲသွားရန် ကုမ္ပဏီက စီစဉ်ထားပါတယ်။ "ကျွန်တော်တို့က နောက်ထပ်မျိုးဆက် ကျဆညန်ရထားနဲ့ ခရီးသွားလာချိန် ပိုမိုတိုတောင်းစေဖို့ ကြိုးပမ်းသွားမှာပါ" လို့ ကျည်ဆန်ရထား စမ်းသပ်ခုတ်မောင်းမှုကို ကြီးကြပ်ခဲ့သူ Kazunori Koyama က ပြောပါတယ်။

(Photo: Kyodo)

ဂျပန်ဟာ မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုကဏ္ဍမှာ ဦးဆောင်နေတဲ့နိုင်ငံဖြစ်ပြီး ရထားအချိန်မှန်မှုနဲ့ အရေးပေါ်ရပ်တန့်မှု အပါအဝင် ဘေးကင်းလုံခြုံရေးစနစ်တို့အတွက် နာမည်ကောင်းရရှိထားပါတယ်။ ဂျပန်ရထားတွေမှာ ပါဝင်တဲ့ အရေးပေါ်ရပ်တန်မှုစနစ်က ငလျင်ကြီးတွေ မလှုပ်မီမှာ ရထားအရှိန်ကို အလိုအလျောက် လျှော့ချနိုင်တယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။ ယမန်နေ့က စမ်းသပ်ခုတ်မောင်းခဲ့တဲ့ ဂျပန်ရဲ့နောက်မျိုးဆက် ကျည်ဆန်ရထား ALFA-X ဟာ ကမ္ဘာ့အမြန်ဆုံး ဘီတပ်ကျည်ဆန်ရထား ဖြစ်လာမယ်လို့ East Japan Railway ကုမ္ပဏီက ပြောထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က