၁၉ နာရီကြာမြင့်မယ့် လေယာဉ်ခရီးစဉ် ဖြစ်ပါတယ်။
Ko John

သြစတြေးလျအခြေစိုက် Qantas လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်များ စမ်းသပ်ပျံသန်းသွားမယ်လို့ သိရပါတယ်။

(Qantas လေကြောင်းလိုင်း လေယာဉ်တစ်စီး) (Photo: Peter Parks/AFP)

Qantas က ၁၉ နာရီအထိ အချိန်ကြာမြင့်မယ့် လေယာဉ်ခရီးစဉ် လမ်းကြောင်းတစ်လျှောက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းများ အဆင်ပြေနိုင် မပြေနိုင် သိရှိနိုင်ရန် ယခုကဲ့သို့ စမ်းသပ်ပျံသန်းမှာ ဖြစ်ပါတယ်။ အဆိုပါ လေကြောင်းလိုင်းက ဆစ်ဒနီမြို့မှ လန်ဒန်မြို့နဲ့ နယူးယော့ခ်မြို့သို့ မရပ်မနားဘဲ တိုက်ရိုက်ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို အစောဆုံးအဖြစ် ၂၀၂၂ ခုနှစ်မှာ စတင်ပျံသန်းနိုင်ရန် စီစဉ်ထားပါတယ်။ Qantas ရဲ့ အစီအစဉ်အတိုင်း စတင်နိုင်ပါက အဆိုပါ လေယာဉ်ခရီးစဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး တိုက်ရိုက် လေယာဉ်ခရီးစဉ်လည်း ဖြစ်လာမယ်လို့ သိရပါတယ်။

(လက်ရှိ ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်များ) (Source and Image: BBC/FlightRadar24)

စမ်းသပ်လေကြောင်းခရီးစဉ်တွေကို Boeing 787-9 လေယာဉ်သုံးစီးဖြင့် ခရီးသည် ၄၀ ဦးခန့်နဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါစေပြီး လာမယ့် အောက်တိုဘာလမှ စတင်ကာ ပျံသန်းသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ လေယာဉ်ခရီးစဉ်မှာ လိုက်ပါကြမယ့်သူတွေဟာ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမှာဖြစ်ပြီး ၎င်းတို့ရဲ့ အိပ်စက်မှုနဲ့ အစားစားမှု အခြေအနေတို့ကိုလည်း စောင့်ကြည့်သွားမယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

Qantas က ယမန်နှစ်အတွင်း သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ၁၇ နာရီကြာမြင့်တဲ့ ပထမဆုံး တိုက်ရိုက် လေကြောင်းခရီးစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ လေယာဉ်ခရီးစဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ခရီးသည်ပို့ဆောင်ရေး လေယာဉ်ခရီးစဉ်တွေအနက် တစ်ခုအပါအဝင်လည်း ဖြစ်ခဲ့ပါတယ်။

(Qantas အမှုဆောင်အရာရှိချုပ် အလန်ဂျွိုက်စ်) (Photo: AAP)

"သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းကနေ လန်ဒန်နဲ့ နယူးယော့ခ်ကို တိုက်ရိုက်ပျံသန်းတာက လေယာဉ်ခရီးစဉ်ပျံသန်းမှုမှာ တစ်ကယ့်ကို နောက်ဆုံး တိုးချဲ့မှုပါ၊ ဒါကြောင့် ဒီအခွင့်အရေးကို ရယူဖို့အတွက် အခြေခံကျတဲ့ အလုပ်တွေအားလုံးကို လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ Qantas အမှုဆောင်အရာရှိချုပ် အလန်ဂျွိုက်စ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 


က္က