ပျံသန်းချိန် ၁၉ နာရီ ၁၆ မိနစ် ကြာမြင့်ခဲ့ပါတယ်။

သြစတြေးလျအခြေစိုက် Qantas လေကြောင်းလိုင်းရဲ့ နယူးယော့ခ်မှ ဆစ်ဒနီသို့ မရပ်နားတမ်း ပျံသန်းတဲ့ ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ် ယနေ့ (အောက်တိုဘာ ၂၀ ရက်) ပြီးမြောက်ခဲ့ကြောင်း သိရပါတယ်။

(အရှည်ကြာဆုံး လေကြောင်းခရီးမှာ လိုက်ပါခဲ့တဲ့ လေယာဉ်အမှုထမ်းအဖွဲ့) (Photo: Getty Images for Qantas)

နာရီ ၂၀ နီးပါးကြာမြင့်တဲ့ ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်က လေယာဉ်အမှုထမ်းများနဲ့ ခရီးသည်တွေကို မည်သို့ သက်ရောက်မှုရှိနိုင်ကြောင်း သိရှိနိုင်ရန် ယခုခရီးစဉ်ကို စမ်းသပ်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ခရီးသည် ၅၀ နဲ့ လေယာဉ်အမှုထမ်းများ လိုက်ပါသွားတဲ့ Qantas လေကြောင်းခရီးစဉ် Flight 7879 အဖြစ် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ ပျံသန်းလာတဲ့ Boeing 787-9 Dreamliner အမျိုးအစား လေယာဉ်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ယနေ့မနက်ပိုင်းမှာ ဆိုက်ရောက်လာခဲ့ပါတယ်။



(ဆစ်ဒနီကိုဆိုက်ရောက်လာတဲ့ Qantas လေယာဉ်) (Photo: AFP)

နယူးယောခ့်မှဆစ်ဒနီ မရပ်နားတမ်း ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်ဟာ မိုင်ပေါင်း ၁၀,၀၆၆ မိုင် (ကီလိုမီတာ ၁၆,၂၀၀) ရှိခဲ့ပြီး ပျံသန်းချိန် ၁၉ နာရီ ၁၆ မိနစ် ဖြစ်တယ်လို့သိရပါတယ်။ လာမယ့် လအတွင်းမှာလည်း Qantas က လန်ဒန်မြို့မှ ဆစ်ဒနီမြို့သို့ မရပ်နားတမ်း လေယာဉ်ခရီးစဉ် စမ်းသပ်ပျံသန်းရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Qantas က ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်လမ်းကြောင်းခရီးစဉ်တွေကို ယခုနှစ်ကုန်ပိုင်းမှာ စတင်နိုင်မယ့် အခြေအနေရှိ မရှိ ယခုစမ်းသပ်ပျံသန်းမှုတွေကနေ ဆုံးဖြတ်သွားရန် မျှော်လင့်ထားပါတယ်။

(အရှည်ကြာဆုံး လေကြာင်းခရီးစဉ် ပျံသန်းခဲ့တဲ့ လေယာဉ်အတွင်းမြင်ကွင်း) (Photo: Getty Images for Qantas)

ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်တွေဖြစ်လာမယ့် ဆစ်ဒနီမြို့နဲ့ လန်ဒန်မြို့၊ နယူးယော့ခ်မြို့တို့ကြား မရပ်မနားဘဲ တိုက်ရိုက်ပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို အစောဆုံးအဖြစ် ၂၀၂၂ သို့မဟုတ် ၂၀၂၃ ခုနှစ်မှာ စတင်ပျံသန်းနိုင်ရန်လည်း Qantas က စီစဉ်ထားပါတယ်။

(ယခင် ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာ့အရှည်ကြာဆုံး လေယာဉ်ခရီးစဉ်များ) (Source and Image: BBC/FlightRadar24)

လက်ရှိအချိန်အထိ Qantas က စမ်းသပ်ပျံသန်းမှုကဲ့သို့ ခရီးသည်နဲ့ပစ္စည်းများတင်ဆောင်ကာ အလွန်ရှည်ကြာတဲ့ လေယာဉ်ခရီးစဉ် လမ်းကြောင်းဖြင့် စီးပွားဖြစ်လေယာဉ်ပြေးဆွဲမှု မရှိသေးကြောင်း Reuters သတင်းက ပြောပါတယ်။ အရှည်ကြာဆုံး လေကြောင်းခရီးစဉ်တစ်လျှောက် လေယာဉ်ဆီလုံလောက်မှုရှိစေရန် Qantas ခရီးသည်တင်လေယာဉ်ကို ဆီအပြည့်ဖြည့်ကာ ခရီးဆောင်အိတ်သယ်ယူမှု ကန့်သတ်ထားပြီး ကုန်စည်တင်ဆောင်ခြင်းမရှိဘဲ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။




က္က