မြန်မာကျပ်ငွေ သိန်း ၂,၇၀၀ ကျော်ဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။
Ko John

ကမ္ဘာကျော် ဂန္တဝင်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့စဉ်က အသုံးပြုခဲ့ဖွယ်ရှိတဲ့ သေနတ်ကို အမေရိကန်ဒေါ်လာ ၁၈၂,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂,၇၀၀ ကျော်) ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

(ဗင်းဆင့်ဗန်ဂိုး ပုံတူပန်းချီ) (Photo: De Agostini/Getty Images)

အဆိုပါ လေလံဈေးနှုန်းဟာ ခန့်မှန်းထားတာထက် သုံးဆနီးပါး ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ သံချေးတက် ပျက်စီးနေပြီဖြစ်တဲ့ ခြောက်လုံးပြူးသေနတ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၉ ရက်) က လေလံတင်ရောင်းချခဲ့ရာ ပစ္စည်းစုဆောင်းသူတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ပြီး ဝယ်ယူသွားခဲ့ပါတယ်။ လေလံတင်ရောင်းချခဲ့တဲ့ သေနတ်ကို ဗန်ဂိုး နောက်ဆုံးနေထိုင်သွားခဲ့တဲ့ ကျေးရွာအနီးမှာ ၁၉၆၅ ခုနှစ်အတွင်း လယ်သမားတစ်ဦးက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခန့်မှန်းခြေအားဖြင့် သေနတ်ရဲ့သက်တမ်းဟာ မှန်ကန်ခဲ့ပြီး သေနတ်ပြောင်းဝအကျယ်ကလည်း ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့တဲ့ သေနတ်ကျည်ဆန်အရွယ်နဲ့ တူညီနေတယ်လို့ သိရပါတယ်။ ယခု သေနတ်ဟာ ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့စဉ်က အသုံးပြုခဲ့တဲ့ သေနတ် အစစ်အမှန်ဖြစ်ကြောင်းအပေါ် သံသယတွေလည်း မြင့်တက်နေခဲ့ပါတယ်။

(လေလံပွဲမှာတွေရသည့် ဗန်ဂိုးရဲ့သေနတ်) (Photo: RTE)

စိတ်ညစ်နေတဲ့ ဒတ်ချ်ပန်းချီဆရာ ဗန်ဂိုးဟာ ၁၈၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်နေ့မှာ ပါရီမြို့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ Auvers-sur-Oise ကျေးရွာအနီး လယ်ကွင်းပြင်ထဲသို့ လမ်းလျှောက်ထွက်သွားခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ရင်ဘတ်နေရာကို သေနတ်ဖြင့်ပစ်ပြီး သတ်သေသွားခဲ့တာ ဖြစ်ပါတယ်။

အိတ်ဆောင်အရွယ် ခြောက်လုံးပြူးသေနတ်က ကန့်သတ်ပြင်းအားဖြင့် ဖြစ်တာကြောင့် ဗန်ဂိုးဟာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့ပြီးနောက် ရက်နဲ့ချီအကြာမှာ အဆိုပါ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဗန်ဂိုး သေဆုံးပြီးနောက် ၇၅ နှစ်အကြာမှာတော့ သံချေးတက်ပျက်စီးနေတဲ့ သေနတ်ကို ၎င်းနေထိုင်ခဲ့ရာ နေအိမ်အနောက်ဘက် ကွင်းပြင်တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

(၁၈၈၈ ခုနှစ်မှာ ဗန်ဂိုးရေးဆွဲခဲ့သည့် ပန်းချီကားတစ်ချပ်) (Photo: Van Gogh Museum)

အဆိုပါ သေနတ်ဟာ မြေကြီးထဲမှာ ရောက်ရှိနေခဲ့တာ နှစ် ၅၀ နဲ့ ၈၀ ကြား ကြာမြင့်ခဲ့ပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ သို့သော် ယခင်က အမ်စတာဒမ်မြို့ရှိ ဗန်ဂိုးပြတိုက်မှာ သိမ်းဆည်းပြသထားခဲ့ပြီး ယခု လေလံတင်ရောင်းချခဲ့တဲ့ ခြောက်လုံးပြူးသေနတ်ဟာ ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့စဉ် အသုံးပြုခဲ့တဲ့ သေနတ်အစစ်အမှန်ဖြစ်မှုအပေါ် သံသယတွေရှိခဲ့ကြကြောင်း သိရပါတယ်။

(မြန်မာငွေ သိန်း ၂၇၀၀ ကျော်ဖြင့် ရောင်းချခဲ့ရတဲ့ ဗန်ဂိုးရဲ့သေနတ်) (Photo: Martin Bailey)

ဗန်ဂိုး နောက်ဆုံးနေထိုင်သွားခဲ့တဲ့ နေအိမ်ကို ထိန်းသိမ်းကြီကြပ်နေတဲ့ Van Gogh Institue ကတော့ ခြောက်လုံးပြူးသေနတ် လေလံတင်ရောင်းချမှုကို ဝေဖန်ခဲ့ပါတယ်။ 'လေလံတင်ရောင်းချခဲ့တဲ့ သေနတ်က ဗန်ဂိုးသေဆုံးမှုနဲ့ တရားဝင် ဆက်နွယ်မှုအပေါ် မည်သည့် ထင်မြင်ချက်မျှ မရှိကြောင်း၊ လေးစားမှုရှိသင့်တဲ့ ကြေကွဲဝမ်နည်းစရာ အဖြစ်ဆိုးတစ်ခုကို စီးပွားရေးဆန်ဆန် လုပ်ဆောင်တာကို ရှုတ်ချကြောင်းဖြင့် Van Gogh Institue က ထုတ်ပြန်ချက်မှာ ပြောထားကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က