သီတင်းပတ်ကုန်ရက်များ မတိုင်မီ နောက်ထပ် စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

သြစတြေးလျနိုင်ငံမှ မြို့တွေဟာ ယခုသီတင်းပတ်အတွင်း ကမ္ဘာ့အပူဆုံးနေရာတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ သြစတြေးတိုက်ရဲ့ အရှေ့တောင်ပိုင်းမှာ အပူလှိုင်းကျရောက်နေပြီး ယခု သီတင်းပတ်ကုန်ရက်များ မတိုင်မီ နောက်ထပ် စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ဖြစ်လာနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတွေက သတိပေးထားပါတယ်။

(Photo: Ooi Boon Keong/TODAY)

ပြီးခဲတဲ့ လေးရက်အတွင်း အပူချိန်ဟာ သြစတြေးလျရဲ့ အပူဆုံးစံချိန် ၁၀ ခုထဲမှာ ပါဝင်ခဲ့ပြီး အချို့နေရာတွေမှာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တောင်ပိုင်းသြစတြေးလျမှာ ဇန်နဝါရီ ၁၅ ရက်နေ့က အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ မိုးလေဝသဌာနမှ အကြီးတန်းအရာရှိ Philip Perkins က AFP သတင်းဌာနကို ပြောပါတယ်။



အပူချိန် စံချိန်တင်မြင့်တက်ခဲ့တဲ့ နေရာတွေဟာ ယနေ့မှာလည်း ဆက်လက်ပူပြင်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ သြစတြေးလျမှာ အပူချိန်မြင့်တက်မှုတွေ ကြုံတွေ့ရလေ့ရှိပြီး တောမီးလောင်မှုတွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် မြေပြင်နဲ့ ပင်လယ်ပြင် အပူချိန်တွေကို ပိုမိုမြင့်တက်စေရာ အလွန်အမင်း ပူးပြင်းခြောက်သွေ့မှုနဲ့ တောမီးလောင်မှုတွေ ဖြစ်စေကြောင်း သိရပါတယ်။

(Photo: AAPIMAGE)

ယခု သီတင်းပတ်အတွင်း ဆစ်ဒနီမြို့ရဲ့ အပူချိန်ဟာလည်း ၁၉၃၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်လာကာ ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ သြစတြေးလျတောင်ပိုင်းရှိ မြို့တွေမှာ ဇန်နဝါရီ ၁၅ ရက်နေ့က အပူဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး Tarcoola မြို့ငယ်လေးရဲ့ အပူချိန်ဟာ ၄၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပါတယ်။

ထို့အတူ Port Augusta မြို့မှာလည်း အပူချိန် ၄၈.၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ကြောင်းနဲ့ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်မှာ စံချိန်တင်ထားခဲ့တဲ့ အပူချိန်ထက် တစ်ဒီဂရီဆဲလ်စီးယပ် ပိုများခဲ့ကြောင်း သိရပါတယ်။ သဲကန္တရာမြို့ငယ်လေးဖြစ်တဲ့ Coober Pedy မှာလည်း အပူချိန်ဟာ ၄၇.၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး မြို့ခံအချို့က အပူသက်သာစေရန် မြေအောက်နေရာတွေမှာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Instagram)

သြစတြေးလျနဲ့ အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ One Day International ခရစ်ကတ်ပြိုင်ပွဲကျင်းပရာ Adelaide မြို့မှာလည်း အပူချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်အထိ အမြင့်ဆုံးဖြစ်လာခဲ့ပြီး နှစ်ဖက်ကစားသမားတွေ အပူဒဏ်ခံစားခဲ့ကြရပါတယ်။ ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာလည်း အပူချိန်များ ဆက်လက် မြင့်တက်နေနိုင်ကြောင်းနဲ့ ဇန်နဝါရီ ၁၇ ရက် နှောင်းပိုင်းမှာတော့ အပူချိန်များ လျော့ကျသွားမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က