လေထဲမှာ ၂ နာရီကြာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။

တောင်ပံအနေနဲ့နှိုင်းယှဉ်ပါက ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ လေယာဉ်ကြီးရဲ့ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဧပြီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

(Photo: Reuters)

Roc လို့ ခေါ်ဝေါ်ကြတဲ့ လေယာဉ်ကြီးရဲ့ တောင်ပံအရှည်ဟာ ၃၈၅ ပေရှိပြီး အမေရိကန်ဘောလုံး (American Football) ကွင်းတစ်ကွင်းနဲ့တူညီတယ်လို့ ဆိုပါတယ်။ လေယာဉ်ကိုယ်ထည်နှစ်ခုတွဲထားပြီ အင်ဂျင်ခြောက်လုံးတပ် အဆိုပါ လေယာဉ်ကြီးဟာ ဧပြီ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီမတိုင်မီက Mojave သဲကန္တာရပေါ်မှာ ပထမဆုံးအကြိမ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

(Photo: AP)

လေထဲမှာ စမ်းသပ်ပျံသန်းမှုဟာ ၂ နာရီကြာမြင့်ခဲ့ပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီလျှင် မိုင် ၁၇၀ ခန့်ဖြင့် အမြင့်ပေ ၁၇,၀၀၀ သို့ ရောက်ရှိခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ စမ်းသပ်ပျံသန်းပြီးနောက် လေယာဉ်ကြီးဟာ Mojave Air and Space Port သို့ ပြန်လည်ဆင်းသက်ခဲ့ရာ ရာနဲ့ချီတဲ့ လူအုပ်စုက အားပေးကြွေးကြော်ခဲ့ကြပါတယ်။

ကမ္ဘာ့တောင်ပံအရှည်ဆုံး လေယာဉ်ကြီးကို ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းခဲ့ရမှုဟာ ထူးခြားကောင်းမွန်ကြောင်းနဲ့ ကြိုတင်တွက်ဆထားတဲ့အတိုင်း ပျံသန်းနိုင်ခဲ့ကြောင်း လေယာဉ်မှူး အီဗန်သောမတ်စ်က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Stratolaunch)

ကမ္ဘာ့တောင်ပံအရှည်ဆုံး လေယာဉ်ကို Stratolaunch Systems Corp က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Stratolaunch ကို ၂၀၁၁ ခုနှစ်မှာ Microsoft ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ပေါလ်အလန်က တည်ထောင်ခဲ့ပါတယ်။ ပေါလ်အလန်ကတော့ ယမန်နှစ် အောက်တိုဘာလအတွင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Stratolaunch ကုမ္ပဏီက ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုများပို့ဆောင်ရာမှာ မြေပြင်မှ လွှတ်တင်မှုထက် လေယာဉ်ပေါ်ကနေ လွှတ်တင်နိုင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 


Share

Loading Next Article...
က္က