ဗင်းနစ်မြို့မှာ ၆ ပေအထိနက်တဲ့ ရေကြီးမှုဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

အီတလီမှာ အားကောင်းတဲ့ မိုးသက်မုန်တိုင်းကျရောက်ခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်းဒေသတွေနဲ့ ကမ္ဘာကျော်ဗင်းနစ်မြို့မှာ ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Reuters)

နိုဝင်ဘာ ၁၂ ရက့်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အီတလီတောင်ပိုင်းရှိ တာရန်တို၊ ဘရင်ဒီစီနဲ့ မတ်တီရာမြို့များ၊ ဆီစီလီယန်ဒေသရှိ ပေါ့ဇာလိုနဲ့ နိုတိုမြို့များ အပါအဝင် မြို့အချို့မှာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ကြောင်း သိရပါတယ်။ ဗင်းနစ်မြို့နဲ့ အခြား အီတလီနေရာဒေသတွေမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ရေမျက်နှာပြင်တွေ အမြင့်ဆုံးအဖြစ် မြင့်တက်လာခဲ့ပါတယ်။ ဗင်းနစ်မှာ ဆိုးရွားစွာ ရေကြီးမှုဖြစ်ပေါ်ရခြင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ တိုက်ရိုက် သက်ရောက်မှုဖြစ်တယ်လို့ မြို့တော်ဝန် လူဂီဘရူနာရိုက Twitter မှာ ပြောထားပါတယ်။

(Photo: Marco Bertorello/AFP via Getty Images)

"အခု အစိုးရအနေနဲ့ နားထောင်ရတော့မယ်၊ ဒါတွေက ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေပဲ၊ ပေးဆပ်ရတဲ့ တန်ဖိုးတွေက ကြီးမားပါလိမ့်မယ်" လို့ ဗင်းနစ်မြို့တော်ဝန်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ဗင်းနစ်မြို့မှာ ၆ ပေအထိနက်တဲ့ ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း ဒီရေစောင့်ကြည့်ဌာနက ထုတ်ပြန်ပါတယ်။ ၁၉၂၃ ခုနှစ်က တရားဝင်မှတ်တမ်းများ စတင်ထားရှိခဲ့ချိန်မှစပြီး ဗင်းနစ်မှာ ယခုထက်ပိုဆိုးရွားတဲ့ ရေကြီးမှုကိုတော့ ၁၉၉၆ ခုနှစ်မှာ ကြုံတွေ့ရခဲ့ဖူးပြီး ထိုစဥ်က ၆.၄ ပေအထိနက်တဲ့ ရေကြီးမှုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

လတ်တလော သတင်းဓာတ်ပုံတွေအရ ဗင်းနစ်မြို့ရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတွေဟာ လုံးဝ ရေဖုံးလွှမ်းနေပါတယ်။ ဗင်းနစ်မြို့ လမ်းမများတစ်လျှောက် ဒူးခေါင်း ပေါင်လယ်အထိရှိတဲ့ ရေတွေထဲမှာ လူတွေ သွားလာခဲ့ကြရပါတယ်။ မြို့ရဲ့အနိမ့်ဆုံးအပိုင်းတွေအနက် တစ်ခုဖြစ်တဲ့ စိန့်မတ်ခ်ရင်ပြင် (St Mark's Square) ဟာ ရေကြီးမှုအဆိုးဆုံး နေရာတစ်ခုဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

စိန့်မတ်ခ်ဘုရားကျောင်းဟာလည်း သက်တမ်း နှစ်ပေါင်း ၁,၂၀၀ အတွင်း ခြောက်ကြိမ်မြောက် ရေကြီးမှုကြုံခဲ့ရကြောင်း ဘုရားကျောင်းမှတ်တမ်းတွေအရ သိရပါတယ်။ ရေကြီးမှုကြောင့် ဗင်းဆင့်မြို့ရဲ့ အထင်ကရဖြစ်တဲ့ အဆိုပါ ရှေးဟောင်းဘုရားကျောင်းရှိ အစားထိုးမရတဲ့ ရှေးခေတ်လက်ရာပစ္စည်းများ ပျက်စီးခဲ့ရပါတယ်။ ဗင်းနစ်မှာ ယခုဖြစ်ပေါ်ခဲ့တဲ့ အဆိုးရွားဆုံး ရေကြီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ပေါင်စတာလင် သန်းပေါင်းရာနဲ့ချီရှိကြောင်း မြို့တော်ဝန်လူဂီက ပြောခဲ့ပါတယ်။




က္က