ကမ္ဘာနဲ့ အနီးဆုံးဂြိုဟ်တွေထဲ ပါဝင်ခဲ့ပါတယ်။
Mi Thawdar Aung

ကမ္ဘာကနေ အလင်းနှစ် ၁၂.၅ နှစ်သာ ကွာဝေးတဲ့နေရာက ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ် ၂ လုံးကို တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာနက္ခတ်ဗေဒပညာရှင်တွေက ဆိုပါတယ်။

Photo- University of GÖttingen (Teegarden ဂြိုဟ်များတည်ရှိနေပုံကို သရုပ်ဖော်ထားပုံ)

သူတို့ရှာဖွေတွေ့ရှိရသလောက် ကမ္ဘာနဲ့ အနီးဆုံးဂြိုဟ်တွေထဲ ပါဝင်နေပြီး habitable zone လို့ခေါ်တဲ့သက်ရှိ ဖြစ်ထွန်းနိုင်တဲ့ နေရာဒေသမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

Astronomy & Astrophysics ဂျာနယ်ရဲ့ ဖော်ပြချက်အရ အဲဒီကြယ်ရဲ့ အမည်ဟာ Teegarden’s Stat ဖြစ်ပြီး ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့တာပါ။ သူဟာ နေဒြပ်ထုရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး မျက်နှာပြင်အပူချိန်က 2.700 °C ဖြစ်တာကြောင့် 6000 °C ဖြစ်တဲ့ နေနဲ့ယှဉ်ရင် အတော်အသင့် အေးစက်တယ်လို့ ဆိုနိုင်ပါတယ်။

အပူချိန်က နည်းတာကြောင့် habitable zone ကလည်း ကြယ်နဲ့ ပိုမိုနီးကပ်တဲ့နေရာမှာ ရှိနေပါတယ်။ အခုတွေရှိခဲ့တဲ့ ဂြိုဟ်အသစ် ၂ လုံးဖြစ်တဲ့ Teegarden b နဲ့ Teegarden c တို့ဟာ အဆိုပါကြယ်ကို တစ်ပတ်ပြည့်ဖို့ ၄.၉ ရက်နဲ့ ၁၁.၄ ရက် လည်ပတ်ရပြီး ဂြိုလ် ၂ လုံးလုံးက နေအဖွဲ့အစည်းအတွင်းမှာ ဒြပ်ထု အကြီးဆုံး rocky planet ဖြစ်တဲ့ ကမ္ဘာနဲ့ ဗီးနပ်စ်တို့ထက် ပိုမိုဒြပ်ထုကြီးမားတယ်လို့ သိရပါတယ်။

ဂြိုဟ် ၂ လုံးတည်ရှိပုံဟာ နေအဖွဲ့အစည်းအတွင်းပိုင်းဖွဲ့စည်းပုံနဲ့ အတော်လေးဆင်တူနေတယ်လို့ University of GÖttingen မှ စာတမ်းဦးဆောင်ရေးသားခဲ့သူ Mathias Zechmeister က ကြေငြာချက်အတွင်း ထည့်သွင်းရေးထားပါတယ်။ သူတို့ဟာ ကမ္ဘာထက် အနည်းငယ်သာ ပိုမိုလေးလံပြီး habitable zone အတွင်းတည်ရှိတာကြောင့် liquid water ရှိနိုင်ပြီး သက်ရှိတွေပါ ဖြစ်ထွန်းနေမယ်လို့ မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကြယ်ကို တွေ့ရှိခဲ့တာ ၁၅ နှစ်ခန့်ရှိပြီး သူ့ဘေးက ဂြိုဟ်တွေနဲ့ အခြားတည်ရှိမှုတွေကိုု တိတိကျကျပြောနိုင်ဖို့ အချက်အလက်မလုံလောက်ခဲ့ပါဘူး။

ဒါကြောင့် Calar Alto Observatory ရှိတဲ့ CARMENES high-resolution spectrograph တွေကို အသုံးပြုပြီးတော့ ကြယ်ကို ၃ နှစ်ခန့်လေ့လာကြခဲ့ပါတယ်။ ဒါဟာ  CARMENES အတွက်ကြီးမားတဲ့ တွေ့ရှိမှုတစ်ခုဖြစ်ပြီး လင်းလက်တဲ့ ကြယ်တွေရဲ့ဘေးက ဂြိုဟ်တွေကို ထောက်လှမ်းနိုင်ဖို့ အတွက် အများကြီးဆက်လက်မျှော်လင့်နိုင်တယ်လို့ ကြေငြာချက်အတွင်းမှာ ဖော်ပြထားပါတယ်။

အခုဆိုရင် ကမ္ဘာမြေပြင်သာမက အာကာသအတွင်း တယ်လီစကုတ်တွေ၊ စမ်းသပ်ခန်းတွေရဲ့ ကြိုးပမ်းမှုတွေကြောင့်နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်ပေါင်း ၄၀၀၀ ကျော်ခန့်ကို တွေ့ရှိထောက်လှမ်းမိပြီးဖြစ်ပါတယ်။

ဒီထဲမှာမှ ကမ္ဘာအရွယ်အစားခန့်ရှိတဲ့ ဂြိုဟ်တွေ အနည်းစုဖြစ်ပြီး အနာဂတ်မှာ starshade နည်းပညာလို ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ထောက်လှမ်းလာမယ်ဆိုရင်တော့ သူတို့ကို တွေ့ရှိဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။


Author


က္က