အအမေရိကန်နိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရသူဦးရေ ၃ သန်းကျော်လွန်လာပြီဖြစ်ပြီး သေဆုံးသူ ၂၁၀,၀၀၀ ကျော်ရှိခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ ဧပြီ ၂၇ ရက်ညပိုင်း ကိန်ဂဏန်းများအရ သိရှိရပါတယ်။

(Image screenshot: Johns Hopkins Univesity COVID-19 Dashboard)

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေအနက် အအမေရိကန်နိုင်ငံမှာ အများဆုံးဖြစ်ပြီး ဧပြီ ၂၇ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၉၈၃,၈၄၈ ဦးအထိရှိကာ တစ်ကမ္ဘာလုံး ကူးစက်မှုရဲ့ သုံးပုံတစ်ပုံလည်း ဖြစ်ပါတယ်။ ထို့အတူ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် လက်ရှိအချိန်အထိ ၅၅,၀၀၀ ကျော်အထိရှိခဲ့ ကမ္ဘာတစ်ဝှမ်း သေဆုံးမှုအားလုံးရဲ့ လေးပုံတစ်ပုံကျော်ရှိပါတယ်။



ဥရောပဒေသမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားခဲ့ပြီး စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီ နိုင်ငံတွေမှာ ကူးစက်ခံရသူ သိန်းဂဏန်းပမာဏ တွေ့ရှိထားပါတယ်။ ဗြိတိန်မှာလည်း လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၅၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ အမေရိကန်မှာ ပြည်နယ်တွေက ကူးစက်မှုထိန်းချုပ်ရန် ပိတ်ပင်ကန့်သတ်ထားတဲ့ lockdown အစီအမံတွေကို စတင်ရုပ်သိမ်းခဲ့ပါတယ်။ ထို့အတူ ကူးစက်မှုနဲ့ သေဆုံးမှုတွေ ယခင်ကထက် လျော့နည်းလာတဲ့ ဥရောပနိုင်ငံတွေမှာလည်း lockdown လုပ်ထားမှုတွေကို ရုပ်သိမ်းမှုတွေ စတင်နေပါတယ်။

ဗြိတိန်ကတော့ လက်ရှိအချိန်ဟာ COVID-19 အန္တရာယ်အမြင့်ဆုံး အခိုက်အတန့်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ lockdown စီမံဆောင်ရွက်မှုတွေကို သည်းခံကြရန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ၎င်းကိုယ်တိုင် COVID-19 ကြောင့် ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူခဲ့ရသူလည်း ဖြစ်ပါတယ်။

(Photo: AFP)

ယခုအခါမှာတော့ နေပြန်ကောင်းလာခဲ့ပြီး ယမန်နေ့မှစတင်ကာ ရုံးပြန်တက်နေပြီလို့ ဆိုပါတယ်။ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဝူဟန်မှာ ဗိုင်းရပ်စ်ကူးစက်ခံသူ ၄၁ ဦးရှိကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က အတည်ပြုခဲ့ရာ ယခုအခါ လေးလမပြည့်မီ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၃ သန်းအထိ လျင်မြန်စွာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။

လေးလမပြည့်မီ အချိန်ကာလအတွင်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ နှစ်စဥ် ကမ္ဘာတစ်ဝှမ်းမှာ ရာသီတုပ်ကွေးကြောင့် အပြင်းအထန် နာမကျန်းဖြစ်သူ ၃ သန်းမှ ၅ သန်းအထိနဲ့ နှိုင်းယှဥ်နိုင်တဲ့ အရေအတွက်လည်း ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဆိုပါတယ်။

(Image screenshot: MoHS COVID-19 Dashboard)

COVID-19 ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ၈၂,၀၀၀ တိုးလာခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာတော့ ဧပြီ ၂၇ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀,၇၆၆ ဦး၊ သေဆုံးသူ ၁,၄၄၇ ဦးနဲ့ ပြန်လည်သက်သာသူ ၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဧပြီ ၂၇ ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၄၆ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်သက်သာသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းတွေအရ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က