Johns Hopkins တက္ကသိုလ် COVID-19 Dashboard ရဲ့ ဧပြီ ၁၅ ရက် ညပိုင်း ကိန်းဂဏန်းအရများအရ ဖြစ်ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားသူ ၂ သန်းကျော်အထိရှိလာကြောင်း Johns Hopkins တက္ကသိုလ် COVID-19 Dashboard မှာ ယနေ့ (ဧပြီ ၁၅ ရက်) ညပိုင်း ဖော်ပြထားတဲ့ ကိန်းဂဏန်းအရများအရ သိရှိရပါတယ်။

(Image: Johns Hopkins University)

COVID-19 ရောဂါဖြစ်စေတဲ့ SARS-COV-2 ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရတဲ့ ယမန်နှစ် ဒီဇင်ဘာလကုန်မှ ယနေ့ (ဧပြီ ၁၅ ရက်) အထိ သုံးလခွဲအတွင်းမှာ ကူးစက်သူ ၂ သန်းကျော် (၂,၀၀၀,၉၈၄ ဦး ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၁၂၈,၀၇၁ ဦးအထိ ဆက်လက် တိုးလာနေဆဲဖြစ်ပြီး ပြန်လည်သက်သာသူ ၄၉၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၁၅,၄၀၆ ဦးနဲ့ သေဆုံးသူ ၂၆,၁၆၄ ဦးအထိ ရှိခဲ့ပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသူ ၃၈,၈၇၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီတို့ဟာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများတဲ့ နိုင်ငံများဖြစ်နေပါတယ်။

(Photo: (Claudio Furlan/LaPresse via AP)

ထို့အတူ ဗြိတိန်မှာလည်း ကူးစက်ခံရသူ တစ်သိန်းနီးပါးနဲ့ သေဆုံးသူ ၁၂,၀၀၀ ကျော်အထိ တရိပ်ရိပ်တိုးလာနေပါတယ်။ ဥရောပမှ စပိန်၊ အီတလီနဲ့ ဩစတြီးယားတို့မှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ယခင်ကထက် လျော့ကျလာခဲ့ပြီးနောက် ပိတ်ပင်ကန့်သတ်မှုတွေကို စတင်ရုပ်သိမ်းလာကြောင်းလည်း သိရပါတယ်။

အရှေ့တောင်အာရှမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ နီးပါးရှိလာခဲ့ပြီး မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့မှာ ကူးစက်မှုတွေ ထောင်ဂဏန်းပမာဏ ရှိနေပါတယ်။ လက်ရှိအချိန်အထိ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၅, ၄၅၃ ဦး ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုထားပါတယ်။

(Photo: Lim Huey Teng/Reuters)

အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး ယနေ့ ညပိုင်းအထိ ၄၆၉ ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ယနေ့ ညပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ COVID-19 လူနာ ၇၄ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီး ၂ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့တစ်ဝှမ်း ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံအသီးသီးက စီမံဆောင်ရွက်နေကြပေမဲ့ လက်ရှိအချိန်အထိ နေ့စဥ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က