COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၄၀၀,၀၀၀ ကျော်အထိရှိလာခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၇ သန်းကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ COVID-19 Dashboard မှာ ယနေ့ (ဇွန် ၈ ရက်) ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

(Photo: Prakash Singh/AFP/Getty Images)

COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ မေ ၃၀ ရက် မနက်ပိုင်းက ၆ သန်းကျော်ရှိခဲ့ရာ ၁၀ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ ထိုနှုန်းအရ တစ်ရက်လျှင် ကူးစက်ခံရသူ ပျမ်းမျှအရေအတွက် ၁၀၀,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၄၀၀,၀၀၀ ကျော်အထိရှိလာခဲ့ပြီး ပြန်လည်သက်သာသူ ၃.၄ သန်းကျော်ရှိခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၅ လနဲ့ သီတင်းတစ်ပတ်ကျော်အတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၇ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၁၂,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

(Photo: Lintao Zhang/Getty Images)

အမေရိကန်ပြီးလျှင် ကူးစက်ခံရသူ ၂ သိန်းကျော်နဲ့ ၅ သိန်းနီးပါးရှိနေတဲ့ နိုင်ငံတွေအဖြစ် ဘရာဇီးမှာ ၆၉၁,၉၆၂ ဦး၊ ရုရှားမှာ ၄၇၆,၆၅၈ ဦး၊ စပိန်မှာ ၂၈၈,၆၃၀ ဦး၊ ဗြိတိန်မှာ ၂၈၆,၁၉၄ ဦး၊ အိန္ဒိယမှာ ၂၅၈,၀၉၀ ဦး၊ အီတလီမှာ ၂၃၄,၉၉၈ ဦး အသီးသီး အတည်ပြု တွေ့ရှိထားပါတယ်။ ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပေမဲ့ ဘရာဇီး၊ ရုရှားနဲ့ အိန္ဒိယကဲ့သို့ နိုင်ငံတွေမှာ ကူးစက်မှုတွေ သိသိသာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူဦးရေ ၁ သိန်းကျော်မှ ၁၉၀,၀၀၀ ကျော်ကြား အတည်ပြုတွေ့ရှိထားတဲ့ နိုင်ငံ ၉ ခုရှိနေပါတယ်။ တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ အစောပိုင်းမှာ ဥရောပက အဓိက ဗဟိုချက်နေရာ ဖြစ်နေခဲ့ရာမှ ယခုအခါမှာ လက်တင်အမေရိကဟာ ဗဟိုချက်နေရာဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (Worl Health Organization - WHO) က ပြောထားပါတယ်။

(Photo: Michele Spatari/AFP/Getty Images)

အာဖရိကမှာ COVID-19 ကူးစက်မှုအခြေအနေ ဆိုးလာနိုင်တာကိုလည်း WHO က စိုးရိမ်ပူပန်နေပါတယ်။ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

ထိုအတောအတွင်း ဥရောပနိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း တည်ငြိမ်ကျဆင်းလာမှုအရ lockdown အစီအမံတွေကို ဖြေလျှော့မှု၊ ရုပ်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။ နယူးဇီလန်ကတော့ ယခုအခါ COVID-19 လူနာ ကင်းစင်သွားခဲ့ပြီးနောက် lockdown ပိတ်ပင်ကန့်သတ်ချက် အားလုံးနီးပါးကို ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။ 


(Image: MoHS website screengrab)

မြန်မာနိုင်ငံမှာလည်း ဇွန် ၈ ရက်၊ မနက် ၇ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၄၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၁၅၆ ဦး ပြန်လည်သက်သာခဲ့ကြောင်းနဲ့ ၆ ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးသူ ၃၉,၂၁၁ ဦးနဲ့ စောင့်ကြည့်လူနာ ၅,၂၈၁ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က