၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော်အထိ တိုးမြင့်လာခဲ့လည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၆ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်တွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (မေ ၃၀ ရက်) မနက်အစောပိုင်း ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၅ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၆ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ဒါ့အပြင် Worldometers ရဲ့ ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ အရေအတွက်ဟာ မေ ၂၁ ရက်နေ့က ၅ သန်းကျော်လွန်ခဲ့တာတွေ့ရပြီး ၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော်အထိ တိုးလာခဲ့လည်း ဖြစ်ပါတယ်။



ထိုနှုန်းအရ တစ်ရက်လျှင် ကူးစက်ခံရသူ ပျမ်းမျှအရေအတွက် ၁၀၀,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၃၆၆,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာသူ ၂.၆ သန်းကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၈ သန်းနီးပါးနဲ့ သေဆုံးသူ ၁၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

(Photo: Amanda Perobelli/Reuters)

အမေရိကန်ပြီးလျှင် ကူးစက်ခံရသူ ၂ သိန်းကျော်နဲ့ ၅ သိန်းနီးပါးရှိနေတဲ့ နိုင်ငံတွေအဖြစ် ဘရာဇီးမှာ ၄၆၈,၃၃၈ ဦး၊ ရုရှားမှာ ၃၈၇,၆၂၃ ဦး၊ စပိန်မှာ ၂၈၅,၆၄၄ ဦး၊ ဗြိတိန်မှာ ၂၇၁,၂၂၂ ဦးနဲ့ အီတလီမှာ ၂၃၂,၂၄၈ ဦး အသီးသီး အတည်ပြု တွေ့ရှိထားပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ဘရာဇီး၊ ရုရှားနဲ့ အိန္ဒိယ နိုင်ငံတွေမှာ COVID-19 ကူးစက်ခံမှုတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။

တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ အစောပိုင်းမှာ ဥရောပက အဓိက ဗဟိုချက်နေရာ ဖြစ်နေခဲ့ရာမှ ယခုအခါမှာ လက်တင်အမေရိကဟာ ဗဟိုချက်နေရာဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (Worl Health Organization - WHO) က ပြောထားပါတယ်။

(Photo: Indian Express)

လက်တင်အမေရိကရှိ ပီရူးကဲ့သို့ နိုင်ငံနဲ့ တောင်အမေရိကရှိ ဘရာဇီးနိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ ဘရာဇီးက အမေရိကန်ပြီးလျှင် တစ်ကမ္ဘာလုံးမှာ ဒုတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာတော့ COVID-19 ကူးစက်ခံရသူ ၁၄၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၂၀၀ ကျော်အထိရှိလာပါတယ်။ ထိုအတောအတွင်း အိန္ဒိယနိုင်ငံမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ တရိပ်ရိပ် တိုးလာနေပြီး တရုတ်နိုင်ငံထက် သေဆုံးသူအရေအတွက်က ပိုမိုများပြားလာခဲ့ကြောင်း သိရပါတယ်။

(Photo: EPA-EFE/Fernando Bizerra)

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ယနေ့ (မေ ၃၀ ရက်) မနက် ၇ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၂၄ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၁၃၀ ဦး ပြန်လည်သက်သာခဲ့ကြောင်းနဲ့ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က