တစ်ပတ်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော်အထိ တိုးလာခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၉ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်တွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (ဇွန် ၂ ၂ ရက်) မနက်အစောပိုင်း ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။

(Image: worldometers)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၆ လမပြည့်မီအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၉ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ဇွန် ၁၆ ရက်နေ့က ၈ သန်းကျော်လွန်ခဲ့တာတွေ့ရပြီး တစ်ပတ်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော်အထိ တိုးလာခဲ့လည်း ဖြစ်ပါတယ်။

ထိုနှုန်းအရ တစ်ရက်လျှင် ကူးစက်ခံရသူ ပျမ်းမျှအရေအတွက် ၁၄၂,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်ကမ္ဘာလုံးမှာ ၄၆၉,၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၃ သန်းကျော်နဲ့ သေဆုံးသူ ၁၂၁,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

(Photo: Reueters)

ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုဆိုးရွားနေတဲ့ ဘရာဇီးနိုင်ငံက ဒုတိယ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁ သန်းကျော်လွန်သွားပြီဖြစ်ကာ သေဆုံးသူအရေအတွက်လည်း ၅၀,၀၀၀ ကျော်အထိရှိလာခဲ့တာ တွေ့ရပါတယ်။ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် ရုရှားက ကူးစက်ခံရသူ ၅၈၄,၀၀၀ ကျော်၊ အိန္ဒိယက ၄၂၆,၀၀၀ ကျော်နဲ့ ဗြိတိန်က ၃၀၀,၀၀၀ ကျော်တို့ဖြင့် ကူးစက်မှုအများဆုံး ထိပ်ဆုံးငါးနိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ယခုအခါ အန္တရာယ်ကြီးမားတဲ့ အဆင့်သို့ရောက်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယခု သီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။ WHO ရဲ့ စာရင်းတွေအရ ဇွန် ၁၈ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၅၀,၀၀၀ အထိ နေ့အလိုက် ကူးစက်မှုအသစ် စံချိန်တင် အများဆုံးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထိုအတောအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ Xinfadi အစားအစာ လက်ကားဈေးကြီးတစ်ခုနဲ့ ဆက်နွယ်နေတဲ့ COVID-19 ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီးနောက် မြို့မှာရှိနေသူတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါတယ်။

လူဦးရေ သန်း ၂၀ ရှိတဲ့ ဘေဂျင်းမှာ ဇွန် ၁၁ ရက်မှစပြီး COVID-19 ကူးစက်မှုအသစ်များ ပြန်တွေ့လာရခြင်းဖြစ်ကာ ယနေ့ မနက်ပိုင်းအထိ ကိန်ဂဏန်းတွေအရ ကူးစက်ခံရသူ ၂၂၇ ဦးအထိ ရှိလာခဲ့ပါတယ်။ COVID-19 ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တာဝန်ရှိသူတွေက အစားအစာနဲ့ ပါဆယ်ပို့ဆောင်သူ ဝန်ထမ်းအားလုံးကို ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

(Photo: AFP)

ဘေဂျင်းတာဝန်ရှိသူတွေက လူနေရပ်ကွက် ၄၀ ကို lockdown လုပ်ထားပြီး မြို့ခံတွေကို ခရီးသွားလာမှု ကန့်သတ်ထားကာ ကျောင်းများပိတ်ထားပါတယ်။ ဘေဂျင်းမြို့ရဲ့ လူဦးရေ သန်း ၂၀ ကျော်ကို ဗိုင်းရပ်စ်စစ်ဆေးမှု တိုးချဲ့လုပ်ဆောင်ရန် အစီအစဥ်ရှိတယ်လို့ ဆိုပါတယ်။ ဘေဂျင်းမြို့ရှိ Xinfadi လက်ကားဈေးအတွင်း ပြည်ပမှတင်သွင်းလာတဲ့ ဆော်လ်မွန်ငါးတွေကို ကိုင်တွယ်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ စဥ့်နှီတုံးတွေပေါ်မှာ တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

(Image: MoHS)

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန် ၂၁ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၉၀ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၀၀ ဦး ပြန်လည်သက်သာခဲ့ကြောင်းနဲ့ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ လူဦးရေ ၆၂,၀၇၀ ဦးကို COVID-19 စစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၅,၇၁၂ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က