ဇူလိုင် ၁၁ ရက်နေ့က ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ နေ့အလိုက် အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၁၃ ရက်နေ့မှာ ၁၃ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၆ လကျော် ၇ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၃ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၅၇၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာ ကူးစက်ခံရသူ ၁၂ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၅ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၈ ရက်နေ့မှာ ၅၄၈,၀၀၀ ကျော်ဖြစ်ခဲ့ရာ ၅ ရက်အတွင်း ၂၃,၀၀၀ ကျော်တိုးလာခဲ့ပါတယ်။

(Image: Worldometers webpage screengrab)

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ နေ့အလိုက် အများဆုံး စံချိန်သစ်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Heath Organization - WHO) က ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ WHO က ဇူလိုင် ၁၂ ရက် ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၃၀,၃၇၀ ဦး တိုးလာခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုအများဆုံး တိုးလာတဲ့နိုင်ငံတွေမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့ ဖြစ်တယ်လို့လည်း WHO က ပြောပါတယ်။

အမေရိကန်မှာ ဇူလိုင် ၁၁ ရက်နေ့က COVID-19 ကူးစက်ခံရသူ ၆၆,၅၂၈ ဦးအထိ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အမြင့်ဆုံး စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အမေရိကန်ပြည်နယ် ၄၀ ခန့်မှာ ကူးစက်မှုတွေ မြင့်တက်နေပြီး အာရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက္ကဆက်ပြည်နယ်တွေမှာ ကူးစက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။

(Photo: Reuters)

ဇူလိုင် ၁၂ ရက် ထုတ်ပြန်မှုတွေအရ ဖလော်ရီဒါပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၅,၃၀၀ တိုးလာခဲ့ပြီး ထိုပြည်နယ်မှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၁၀ ရက်နေ့က နယူးယော့ခ်မှာ တွေ့ရှိခဲ့ရတဲ့ COVID-19 ကူးစက်ခံရသူအသစ် ၁၂,၈၄၇ ဦးကို ကျော်လွန်သွားခဲ့ပြီး အမေရိကန်ပြည်နယ်တွေမှာ နေ့အလိုက် ကူးစက်မှုများအနက် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ Walt Disney World အပန်းဖြေနေရာကို ပြန်ဖွင့်ခဲ့ပြီး နောက်တစ်ရက်မှာ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်းလည်း Reuters သတင်းက ပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃.၄ သန်းကျော်၊ သေဆုံးသူ ၁၃၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၅ သန်းကျော်ရှိခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်ပြီးလျှင် ဘရာဇီးက ကူးစက်ခံရသူ ၁.၈ သန်းကျော်၊ အိန္ဒိယက ၈၇၉,၀၀၀ ကျော်နဲ့ ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဘရာဇီးဟာ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

COVID-19 ကူးစက်မှုထိန်းချုပ်နိုင်ခဲ့တဲ့ ကမ္ဘာနိုင်ငံအချို့မှာ ကူးစက်မှုများ ပြန်တွေ့လာရပြီး WHO က တင်းကျပ်တဲ့ ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့က နေ့အလိုက် ကူးစက်မှုအသစ် စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၃၁ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၆၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၁၂ ရက် ညပိုင်းအထိ လူဦးရေ ၉၄,၁၆၈ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၃၄၉ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က