အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ယနေ့ (ဩဂုတ် ၂၂ ရက်) ညပိုင်းမှာ ၈၀၀,၀၀၀ ကျော်လွန်ပြီဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်နဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

(Image: Worldometers webpage screengrab)

ကမ္ဘာ့နိုင်ငံတွေအနက် အမေရိကန်မှာ သေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ၁၇၉,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အမေရိကန်ပြီးလျှင် ဘရာဇီးမှာ သေဆုံးသူဦးရေ ၁၁၃,၀၀၀ ကျော်၊ မက္ကစီကိုမှ ၅၉,၀၀၀ ကျော်၊ အိန္ဒိယမှ ၅၆,၀၀၀ ကျော်နဲ့ ဗြိတိန်မှ ၄၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံး ငါးနိုင်ငံအဖြစ် အစဥ်လိုက်ရှိနေပါတယ်။



ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လက်ရှိအချိန်အထိ လူဦးရေ ၂၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာသူ အရေအတွက်ကတော့ ကမ္ဘာတစ်ဝန်း ၁၅.၆ သန်းကျော်ရှိခဲ့ပါတယ်။

(Photo: EPA)

အရှေ့တောင်အာရှမှာတော့ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၉,၈၀၀ ကျော်ရှိခဲ့ပြီး အင်ဒိုနီးရှားဟာ ဒေသတွင်း သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ၆,၅၉၄ ဦး သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ဒုတိယ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကာ လက်ရှိအချိန်အထိ COVID-19 ကြောင့် ၂,၉၆၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်မှုအများဆုံးနဲ့ အင်ဒိုနီးရှားက ဒုတိယ ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

(Image: MoHS webpage screengrab)

မြန်မာနိုင်ငံမှာတော့ ယနေ့ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၄၃၅ ဦး တွေ့ရှိခဲ့ရပြီး ၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၃၃၈ ဦး ပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ COVID-19 ပြည်တွင်းကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး စစ်တွေမြို့မှာ ၄၈ ဦးနဲ့ မြောက်ဦးမြို့မှာ ၃ ဦး စုစုပေါင်း ၅၁ ဦး တွေ့ရှိထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က