COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးသွားတဲ့ လက္ခဏာမရှိသေးပါဘူး။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (ဩဂုတ် ၂ ရက်) မနက်အစောပိုင်းမှာ ၁၈ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း အလျင်အမြန် တိုးလာနေခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လစွန်းရုံမျှ အချိန်ကာလအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၈ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။



လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၆၈၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁.၃ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညသန်းခေါင်မှာ ကူးစက်ခံရသူ ၁၇ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်ရုံမျှ အချိန်အတွင်းမှာ နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၂၉ ရက်နေ့မှာ ၆၇၀,၀၀၀ ကျော်မှ ၃ ရက်ကျော်အတွင်း ၁၈,၀၀၀ ကျော် တိုးလာလခဲ့ပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့မှာ ကူးစက်မှုအသစ်များ သိသိသာသာ မြင့်တက်နေပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကူးစက်ခံရသူ သန်းတစ်ဝက် (၅၀၀,၀၀၀) ကျော်လွန်လာခဲ့ပြီး ပဥ္စမမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။

တောင်အာဖရိကထက် ကူးစက်မှုပိုများတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်မှာ ကူးစက်ခံရသူ ၄.၇ သန်းကျော်၊ ဘရာဇီးမှာ ၂.၇ သန်းကျော်၊ အိန္ဒိယမှာ ၁.၇ သန်းကျော်နဲ့ ရုရှားမှာ ၈၄၅,၀၀၀ ကျော် အသီးသီး တွေ့ရှိထားပါတယ်။ ထိုအတောအတွင်း မက္ကစီကိုနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၄၇,၀၀၀ ကျော်လွန်ရှိလာခဲ့ပြီး ဗြိတိန်ထက် ပိုများလာခဲ့ပါတယ်။

(Photo: EPA)

COVID-19 ကြောင့် သေဆုံးမှုအများဆုံး ငါးနိုင်ငံအဖြစ် အမေရိကန်မှာ လူ ၁၅၇,၀၀၀ ကျော်၊ ဘရာဇီးမှာ ၉၃,၀၀၀ ကျော်၊ မက္ကစီကိုမှာ ၄၇,၀၀၀ ကျော်၊ ဗြိတိန်မှာ ၄၆,၀၀၀ ကျော်နဲ့ အိန္ဒိယမှာ ၃၇,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ထိန်းချုပ်ရေးအတွက် lockdown အစီအမံများ ပြန်လည်သတ်မှတ်မှုတွေ ရှိလာပါတယ်။

အာရှဒေသမှ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုမှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာထားပါတယ်။ ဂျပန်အစိုးရက တိုကျိုမှာလည်း ကူးစက်မှုအခြေအနေ ပိုဆိုးလာပါက အရေးပေါ်အခြေအနေ ကြေညာသွားမယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာလည်း ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် စက်တင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားတဲ့ လွှတ်တော်ရွေးကောက်ပွဲကို တစ်နှစ်ကြာ ရွှေ့ဆိုင်းလိုက်ပါတယ်။

(Photo: Reuters)

ကူးစက်မှုတွေ ပြန်မြင့်တက်လာတဲ့ ဩစတြေးလျနိုင်ငံမှာတော့ ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်မှုအရ ကူးစက်မှုအသစ်တွေ့ရှိရမှုနဲ့ သေဆုံးမှုများ စံချိန်တင် များပြားခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှ ဗီယက်နမ်နိုင်ငံမှာလည်း အစောပိုင်း COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လတ်တလောအတွင်း ဒါနန်းမြို့မှာ ကူးစက်မှုတွေ ပြန်တွေ့လာခဲ့ရပြီး ပထမဆုံး သေဆုံးမှုလည်းရှိလာခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးသွားတဲ့ လက္ခဏာမရှိသေးပါဘူး။ COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဇူလိုင် ၂၇ ရက်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က ဩဂုတ် ၁ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

WHO ရဲ့ အရေးပေါ်ကော်မတီက ကပ်ရောဂါအခြေအနေကို တွက်ဆသုံးသပ်ရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၂ ရက် မနက် ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၉၇ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၁၇,၂၁၉ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၈၀၂ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က