၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၂၉၄,၂၃၄ ဦး တိုးလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထုတ်ပြန်တဲ့ COVID-19 ကိန်းဂဏန်းများအရ နေ့စဥ် ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

WHO က ယနေ့ (ဩဂုတ် ၁၆ ရက်) ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၂၉၄,၂၃၄ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ နိုင်ငံအများအပြားမှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။



ထို့အတူ ကနဦး ကူးစက်မှုထိန်းချုပ်ရေးမှာ အောင်မြင်မှုရခဲ့တဲ့ အခြား နိုင်ငံတွေမှာလည်း ယခုအခါ ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်နေပါတယ်။ ဥရောပရှိ နိုင်ငံတွေမှာ လတ်တလောအတွင်း ကူးစက်မှုများ သိသိသာသာ ပြန်မြင့်တက်နေတာ တွေ့ရပါတယ်။ အစောပိုင်း လများအတွင်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ စပိန်မှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ မြင့်တက်လာခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ကျွမ်းကျင်သူတွေက စပိန်နိုင်ငံဟာ ရောဂါကူးစက်မှု အကျပ်အတည်းအခြေအနေကို တစ်ကျော့ပြန်ရောက်ရှိခဲ့ကြောင်း သတိပေးထားပါတယ်။ ထိုအတောအတွင်း ဥရောပရှိ ပြင်သစ်၊ ဗြိတိနန်၊ ဂျာမနီ၊ အီတလီတို့မှာလည်း ယခင်ကထက် ကူးစက်မှုများ မြင့်တက်လာခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဟာ WHO ကြုံခဲ့ရဖူးသမျှ ချက်ချင်းဖြစ်လာတဲ့ အပြင်းထန်ဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်ကိစ္စရပ်ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောခဲ့ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို အနိုင်ယူရန် ကာကွယ်ဆေးတစ်ခု မည်သည့်အခါမျှ ရှိမလာနိုင်တာမျိုး ဖြစ်နိုင်ကြောင်းလည်း WHO အကြီးအကဲက ဆိုပါတယ်။

နိုင်ငံပေါင်း ၁၈၈ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိခဲ့ရပေမဲ့ ၎င်းတို့အနက်မှ ထက်ဝက်ခန့်ဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယ သုံးနိုင်ငံမှာသာ ဖြစ်တယ်လို့ Tedros Adhanom Ghebreyesus က ထောက်ပြခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၁.၅ သန်းကျော်ကို COVID-19 ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၇၇၁,၀၀၀ ကျော်ရှိခဲ့ကြောင်းနဲ့ ကူးစက်ခံရသူ ၁၄.၃ သန်းကျော်ကတော့ ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က