စက်တင်ဘာ ၇ ရက် စာရင်းအရ အိန္ဒိယမှာ ကူးစက်မှု ၉၀,၀၀၀ ကျော် တိုးလာခဲ့ပြီး အများဆုံး စံချိန်သစ်ထပ်တင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အိန္ဒိယက ဘရာဇီးထက်ကျော်လွန်ပြီး COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာကြောင်း ယနေ့ (စက်တင်ဘာ ၇ ရက်) AFP စာရင်းအရ သိရှိရပါတယ်။

(Photo: Reuters)

အိန္ဒိယဟာ အာရှဒေသမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံလည်းဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝန်း အမေရိကန်ပြီးလျှင် ကူးစက်မှုအများဆုံး ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယမှာ ကူးစက်ခံရသူ ၄.၂ သန်းကျော်လွန်လာခဲ့ပြီး ကူးစက်မှု ၄.၁၃ သန်းကျော် တွေ့ရှိထားတဲ့ ဘရာဇီးထက် ပိုမိုများပြားလာခဲ့ပါတယ်။



အမေရိကန်ကတော့ တစ်ကမ္ဘာလုံးမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ကူးစက်ခံရသူ ၆.၅ သန်းကျော်နဲ့ သေဆုံးသူ ၁၉၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးမှုမှာ အမေရိကန်ပြီးလျှင် ဘရာဇီးက ၁၂၆,၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး အိန္ဒိယက ၇၁,၀၀၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ်ပါတယ်။

(Image: Worldometers webpage screengrab)

ကျွမ်းကျင်သူအများအပြားကတော့ အိန္ဒိယမှာ လုံလောက်တဲ့ လူဦးရေကို COVID-19 စစ်ဆေးမှုမရှိခြင်းနဲ့ သေဆုံးမှုအများအပြားကို စနစ်တကျ မှတ်တမ်းယူမှု မရှိခြင်းတို့ကြောင့် အမှန်တစ်ကယ် ကူးစက်မှုနဲ့ သေဆုံးမှုဟာ တရားဝင် ထုတ်ပြန်ထားတာထက် များစွာပိုမိုနိုင်ကြောင်း ပြောကြပါတယ်။

ဩဂုတ်လမှစပြီး လူဦးရေ ၁.၃ ဘီလီယံရှိပြီး ကမ္ဘာ့လူနေအထူထပ်ဆုံး မြို့ကြီးများရှိရာ အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်မှုတွေ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။ ယ‌နေ့ (စက်တင်ဘာ ၇ ရက်) စာရင်းအရလည်း အိန္ဒိယမှာ ကူးစက်မှုအသစ် ၉၀,၀၀၀ ကျော် တိုးလာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်ထပ်တင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ ကူးစက်ခံရသူ ၃ သန်းပြည့်ပြီးနောက် ၁၃ ရက်မျှအတွင်း ကူးစက်ခံရသူ ၄ သန်းကျော်လွန်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

"ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နေ့စဥ် ကူးစက်မှုတွေက ပျမ်းမျှ ၆၅,၀၀၀ ခန့်ကနေ ၈၃,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့တယ်၊ ဒီနှုန်းအရ နှစ်ပတ်အတွင်းမှာ ကူးစက်မှု ၂၇ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ် ဒါမှမဟုတ် တစ်ရက်ကို ၂ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်" လို့ Wellcome Trust/DBT India Alliance အဖွဲ့အစည်းမှ ရောဂါပိုးမွှားဗေဒပညာရှင် Shahid Jameel က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

အိန္ဒိယမှာ လက်ရှိအချိန်အထိ လူဦးရေ ၁၀ သန်းကို COVID-19 စစ်ဆေးထားပြီး နောက်ထပ် စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ရန် စီစဥ်ထားပါတယ်။ အစိုးရက စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် COVID-19 ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့စဥ် အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုအသစ် အမြန်ဆုံး တိုးလာနေတဲ့ နိုင်ငံဖြစ်နေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က