သုံးရက်ကျော် လေးရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၁ သန်း တိုးလာခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၂၄ ရက်) အစောပိုင်းမှာ ၃၂ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၂ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၉၈၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ၃၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော် ၄ ရက်မပြည့်မီအတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ၉၆၂,၀၀၀ ကျော်မှ ၃ ရက်ကျော်အတွင်း ၁၉,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: News.cn/Xinhua)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၂ သန်းကျော်အနက် ၇.၄ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၁ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။

တစ်ကြိမ်တည်းသာ ထိုးနှံရတဲ့ ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၆၀,၀၀၀ မှာ စမ်းသပ်မှုများ စတင်

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၅.၇ သန်း ကျော်နဲ့ သေဆုံးသူဦး ၉၁,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၆ သန်းကျော်နဲ့ သေဆုံးသူ ၁၃၉,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: AFP)

ထိုအတောအတွင်း ဥရောပမှာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာနေခဲ့တာ တွေ့ရပါတယ်။ ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးခဲ့ပါတယ်။

ဥရောပမှာ ကိုဗစ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်နေမှု အလွန်စိုးရိမ်စရာဟု WHO သတိပေး

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၂၉၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၆၂,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၅,၁၂၇ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပါတယ်။

လတ်တ‌လော ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအရေအတွက် နေ့စဥ် ရာဂဏန်း တိုးလာနေခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇,၈၂၇ ဦး၊ သေဆုံးသူ ၁၄၇ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂,၀၈၅ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က