မြောက်ကိုရီးယားခေါင်းဆောင်ဟာ အဓိကကျတဲ့ မူဝါဒဆုံးဖြတ်ချက်အချို့ကို စဉ်စားနေပြီလို့ လေ့လာသူက ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံရဲ့ အလေးအမြတ်အထားဆုံး တောင်ပေါ်မှာ မြင်းဖြူစီးနေတဲ့ ဓာတ်ပုံများပါဝင်တဲ့ သတင်းတစ်ရပ်ကို အစိုးရသတင်းဌာန KCNA က ယနေ့ (အောက်တိုဘာ ၁၆ ရက်) တခမ်းတနား ဖော်ပြခဲ့ပါတယ်။

(Photo: KCNA/Reuters)

KCNA က နှင်းဖုံးနေတဲ့ Paektu တောင်ပေါ်မှာ မြင်းဖြူကြီးစီးနေတဲ့ ကင်မ်ဂျုံအန်ရဲ့ဓာတ်ပုံတွေနဲ့အတူ သတင်းဖော်ပြခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်ဟာ ကြီးမားတဲ့ လုပ်ဆောင်မှုတစ်ခုကို စီစဉ်နေပြီလို့ ၎င်းရဲ့လက်ထောက်တွေက အခိုင်အမာယုံကြည်ထားကြပါတယ်။



Paektu တောင်ဟာ မြောက်ကိုရီးယားကို သားစဉ်မြေးဆက်အုပ်ချုပ်လာတဲ့ ကင်မ်မိသားစုရဲ့ အောင်မြေလို့လည်းဆိုပါတယ်။ "Paektu တောင်ပေါ်မှာ သူ့ရဲ့မြင်စီးမှုက ကိုရီးယားတော်လှန်ရေးသမိုင်းမှာ အလွန်အရေးပါပြီး ကြီးမားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်" လို့ KCNA က ပြောပါတယ်။

(Photo: KCNA/Reuters)

Paektu တောင်ပေါ်မှာ ခေါင်းဆောင်ကြီးကင်မ်ဂျုံအန် မြင်းစီးမှုကို မျက်မြင်တွေ့ရှိခဲ့ရမှုနဲ့အတူ ၎င်းရဲ့အစိုးရအဖွဲ့ဝင်တွေက စိတ်လှုပ်ရှားပျော်ရွှင်နေကြပြီး ကမ္ဘာကို နောကတစ်ကြိမ် အံ့အားသင့်စေမယ့် လုပ်ဆောင်မှုကြီးနဲ့ ကိုရီးယားတော်လှန်ရေး နောက်ထပ်ခြေလှမ်းတစ်လှမ်း ဖြစ်လာတော့မယ်လို့ ယုံကြည်နေကြပါတယ်။

မည်သည့် လုပ်ဆောင်မှုဖြစ်မယ်ဆိုခြင်းကို အတိအကျ မသိရသေးပေမဲ့ ကင်မ်ဂျုံအန်က အဓိကကျတဲ့ မူဝါဒဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဆောင်ချိန်မှာ အလေးအမြတ်ထားရာ Paektu တောင်ပေါ်သို့ မကြာခဏ သွားရောက်ခဲ့လေ့ရှိတယ်လို့က ဆိုပါတယ်။

(Photo: KCNA/Reuters)

လေ့လာသုံးသပ်သူတွေကတော့ တောင်ပေါ်မှာ ကင်မ်ဂျုံအန် မြင်းဖြူစီးပြမှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေအပေါ် နိုင်ငံတကာက ဖိအားပေးမှုနဲ့ အရေးယူပိတ်ဆို့မှုများအား ဖီဆန်အာခံတဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

"ဒါက ထုတ်ပြန်ချက်တစ်ခု၊ ဖီဆန်အာခံတဲ့ သင်္ကေတတစ်ခုပါပဲ၊ အရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့နောက်ကို လိုက်နေတာက ပြီးသွားပါပြီ၊ ဘာမှ မဖြစ်လာခဲ့ပါဘူး၊ ဒါပေမဲ့ လာမယ့် ၂၀၂၀ ခုနှစ်အတွက် မူဝါဒတွေနဲ့ပတ်သက်လို့ မျှော်လင့်ချက်အသစ်တွေထားရှိဖို့ စတင်လိုက်တာပါ" လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Middlebury Institute of International Studies မှ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ Joshua Pollack က သုံးသပ်ပါတယ်။

(Photo: KCNA/Reuters)

ကင်မ်ဂျုံအန်ဟာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ မြောက်ကိုရီးယားက ၎င်းရဲ့ အကြီးမားဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ Paekuta တောင်ပေါ်ကိုလာရောက်ခဲ့ဖူးပါတယ်။ ထို့နောက် ရက်သတ္တပတ်အကြာမှာ တောင်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမှု လမ်းဖွင့်ပေးခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ယမန်နှစ်အတွင်းကလည်း ကင်မ်ဂျုံအန်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ သမိုင်းဝင်ထိပ်သီးတွေဆုံရာမှာ Paektu တောင်ပေါ်ကို မွန်ဂျေအင်းနဲ့အတူ လာရောက်ခဲ့ပါတယ်။

(Photo: KCNA/Reuters)

ယခုနှစ်အတွင်း တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ဆက်ဆံရေး အေးစက်လာခဲ့ပြီးနောက်ပိုင်း ကင်မ်ဂျုံအန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းရာမှာ အမေရိကန်ရဲ့ရပ်တည်ချက် ပျော့ပျောင်းရန် ယခုနှစ်ကုန်ပိုင်းအထိသာ စောင့်ဆိုင်းမှာဖြစ်ကြောင်း၊ အမေရိကန်ရဲ့ရပ်တည်ချက် မပြောင်းပါက မြောက်ကိုရီးယားက သတ်မှတ်မထားရသေးတဲ့ လမ်းကြောင်းသစ်ကိုလိုက်ပြီး ရှေ့ဆက်သွားမယ်လို့ ပြောထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။

KCNA သတင်းဌာနက Paekutu တောင်ပေါ်မှာ ကင်မ်ဂျုံအန် မြင်းစီးတဲ့ဓာတ်ပုံတွေနဲ့အတူ သတင်းဖော်ပြမှုအရ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အဓိကကျတဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်အချို့ကို ချင့်ချိန်စဉ်စားနေပြီလို့ ယူဆရကြောင်း မြောက်ကိုရီးယားစောင့်ကြည့်ဝက်ဘ်ဆိုက် NK News မှ လေ့လာသုံးသပ်သူ Rachel Minyoung Lee က ပြောပါတယ်။



က္က