ဇွန် ၁၀ ရက်မှစပြီး ရပ်ဆိုင်းထားမှာပါ။

မြောက်ကိုရီးယားနိုင်ငံရဲ့ အရေးအပါဆုံး ဝါဒဖြန့်မှုဆိုင်ရာ ပွဲအခမ်းအနားတစ်ခုလို့ သိထားကြတဲ့ Mass Games ကို ခေါင်းဆောင်ကင်မ်ဂျုံအန်ထံမှ ဝေဖန်မှုရှိခဲ့ပြီးနောက် ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

(မေ ၃ ရက် ဖွင့်ပွဲအခမ်းအနားမှာတွေရသည့် ကင်မ်ဂျုံအန်) (Photo: KCNA)

Mass Games ကို စီစဉ်တဲ့ Young Pionner Tour ခရီးသွားလုပ်ငန်းကုမ္ပဏီက ယခုပွဲကို ဇွန် ၁၀ ရက်နေ့မှစပြီ နောက်ထပ် အသိပေးမှု မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမယ်လို့ ၎င်းရဲ့ Twitter မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယား ခရီးစဉ်တွေ စီစဉ်ပေးနေတဲ့ Koryo Tours ကလည်း Mass Games များ ကျင်းပနေခြင်းကို ဇွန် ၁၀ ရက်မှစပြီး ရပ်ဆိုင်းထားမယ်လို့ Twitter မှာ ပြောထားပါတယ်။



ယခုနှစ် Mass Games နဲ့ ပတ်သက်ပြီး 'ဖန်တီးတင်ဆက်မှု အနှစ်သာရ မှားယွင်းနေကြောင်း' မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တနင်္လာနေ့ (ဇွန် ၃ ရက်) မှာ ဝေဖန်ခဲ့တယ်လို့ဆိုပါတယ်။ Mass Games ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် 'တာဝန်မဲ့တဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ' လို့လည်း ကင်မ်ဂျုံအန်က ပြောခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာနက ဖော်ပြပါတယ်။

(Mass Games ဖွင့်ပွဲအခမ်းအနား မြင်ကွင်းတစ်ခု) (Photo: KCNA)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဝါဒဖြန့်မှုလုပ်ရန်အတွက် ပုံစံသစ်ဖြင့် ချဉ်းကပ်ဆောင်ရွက်ကြရန် ယခုနှစ် အစောပိုင်းမှာ တိုက်တွန်းထားခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးမှုများ ရပ်တန့်နေခဲ့ပြီးနောက် မြောက်ကိုရီးယားက စီးပွားရေးနဲ့ နိုင်ငံရေးအရ သီးခြားရပ်တည်မှုတို့အတွက် ပြင်ဆင်နေပုံရကြောင်း သတင်းထောက်တွေက ပြောကြကြောင်း BBC က ဖော်ပြပါတယ်။

Mass Games ကျင်းပမှုကို ဆိုင်းငံရခြင်းနဲ့ပတ်သတ်ပြီး ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေတင်ဆက်မှုကို ကင်မ်ဂျုံအန်က ကျေနပ်မှုမရှိတာကြောင့် ဖြစ်တယ်လို့ Young Pionner Tour က ၎င်းတို့ရဲ့ Twitter မှတစ်ဆင့် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ Koryo Tours ကလည်း Mass Games ပြန်လည်မစတင်မီ တင်ဆက်မှုကို ပြုပြင်သွားမယ်လို့ဆိုပါတယ်။

(Mass Games တင်ဆက်မှု) (Photo: Koryo Tours)

Mass Games ရပ်ဆိုင်းထားမယ့် ကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ အတည်ပြုချက် မပေးခဲ့ဘူးလို့ BBC သတင်းက ဖော်ပြပါတယ်။ မြောက်ကိုရီးယားမှာ ကျင်းပပြုလုပ်တဲ့ Mass Games ပွဲကြီးကို လူဦးရေ ၁၀၀,၀၀၀ အထိ ပါဝင်ကြပြီး ကျွမ်းဘားနဲ့ အကတို့ဖြင့် ညီညာလှပစွာ တက်ဆင်ကြတာဖြစ်ပါတယ်။ ယခုနှစ် မြောက်ကိုရီးယားရဲ့ Mass Games ပွဲအခမ်းအနားတွေကို ဇွန်လဆန်းပိုင်းမှ အောက်တိုဘာလအထိ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က