ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွက်ပေါ်နေခဲ့တဲ့ ကောလာဟလတွေဟာ အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွက်ပေါ်နေခဲ့တဲ့ ကောလာဟလတွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ ၎င်းဟာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အရိပ်လက္ခဏာများ မရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားလိုက်ပါတယ်။

(ဓာတ်မြေဩဇာစက်ရုံမှာ တွေ့ရသည့် ကင်မ်ဂျုံအန်) (Photo: KCNA)

ကင်မ်ဂျုံအန်ဟာ မြောက်ကိုရီးယားမှာ နှစ်စဥ် ကျင်းပပြုလုပ်နေကျ အကြီးမားဆုံး အခမ်းအနားများအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ၎င်းရဲ့အဘိုးဖြစ်သူနဲ့ နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းမွေးနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်ခဲ့တာ မတွေ့ရဘဲ ရက် ၂၀ ကြာ လူအများမြင်ကွင်းနေမှ ပျောက်ကွယ်နေခဲ့ပါတယ်။



ထိုသို့ လူအများမြင်ကွင်းမှ ပျောက်ကွယ်နေတဲ့ ကင်မ်ဂျုံအန်ဟာ အသည်းအသန် နေမကောင်းဖြစ်နေကြောင်း သို့မဟုတ် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းအချို့က ဖော်ပြခဲ့ကြပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ကင်မ်ဂျုံအန်က ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့မှုနဲ့အတူ လူအများမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ကျန်းမာရေးကောင်းနေပုံရှိတာ တွေ့ခဲ့ရပါတယ်။

(ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားပုံရိပ်များ) (Photo: KCNA)

တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ Suh Hoon က လွှတ်တော်ကော်မတီမှာ ယမန်နေ့ (မေ ၆ ရက်) ကကင်မ်ဂျုံအန်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေဟာ မှန်ကန်ခဲ့ကြောင်း အရိပ်လက္ခဏာမရှိဘူးလို့ Suh Hoon က ပြောခဲ့တယ်လို့ Yonhap က ဆိုပါတယ်။ Suh Hoon က လွှတ်တော်ကော်မတီကို ပြောကြားမှုအရ ကင်မ်ဂျုံအန်ဟာ ယခုနှစ်အတွင်း လူအများမြင်ကွင်းမှာ ၁၇ ကြိမ် ထွက်ပေါ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

(ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားပုံရိပ်များ) (Photo: KCNA)

ပုံမှန်အားဖြင့်ဆိုပါက နှစ်တစ်နှစ်ရဲ့ ယခုလိုအချိန်မှာ အကြိမ် ၅၀ လူအများမြင်ကွင်းမှာ ထွက်ပေါ်ခဲ့ပြီး ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ယခုနှစ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် လူမြင်ကွင်းထွက်တဲ့ အကြိမ်ရေလျော့နည်းသွားတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား လွှတ်တော်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။ မြောက်ကိုရီးယားကတော့ နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုရှိကြောင်း တရားဝင် ထုတ်ပြန်မှုမရှိသေးပါဘူး။

"မြောက်ကိုရီးယားမှာ COVID-19 ဖြစ်ပွားမှု မရှိဘူးလို့ မပြောနိုင်ပါဘူး၊ ကင်မ်ဂျုံအန်က စစ်တပ်နဲ့ ပါတီအစည်းအဝေးတွေကဲ့သို့ ပြည်တွင်းကိစ္စတွေကို အဓိက အာရုံစိုက်နေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုတွေကြောင့် လူအများမြင်ကွင်းမှာ သွားလာလှုပ်ရှားတာတွေကို နောက်ထပ် ကန့်သတ်ထားခဲ့တယ်" လို့ တောင်ကိုရီးယား လွှတ်တော်အမတ် Kim Byung-kee က သုံးသပ်ခဲ့ပါတယ်။

(၂၀၁၄ ခုနှစ်မှာတွေ့ရသည့် ကင်မ်ဂျုံအန်) (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ၂၀၁၄ ခုနှစ်ကလည်း လူအများမြင်ကွင်းမှ သီတင်းခြောက်ပတ်နီးပါးကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် တုတ်ကောက်တစ်ချောင်းနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် ရက်ပိုင်းအကြာမှာတော့ ကင်မ်ဂျုံအန် လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဟာ ၎င်းရဲ့ ခြေကျင်းဝတ်မှ အကျိတ်တစ်ခုကို ခွဲစိတ်ဖယ်ရှားခဲ့တာကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က