COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုရန် အလှပြပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ကနေဒါလေတပ်ရဲ့ အလှပြပျံသန်းတဲ့ လေယာဥ်အုပ်စုမှ လေယာဥ်တစ်စီး လူနေဧရိယာအတွင်း ပျက်ကျခဲ့ရာ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(လေယာဥ်ပျက်ခဲ့သည့်နေရာ မြင်ကွင်း) (Photo: CFJC Today)

အလှပြပျံသန်းတဲ့ လေယာဥ်ဟာ ကနေဒါနိုင်ငံ British Columbia ပြည်နယ် Kamloops မြို့အတွင်း နေအိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ တနင်္ဂနွေနေ့ (မေ ၁၇ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း လေယာဥ်ပျက်မကျမီ လေယာဥ်မှူးက ခုန်ထွက်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။



Snowbirds လို့ ခေါ်ဝေါ်ကြတဲ့ ကနေဒါလေတပ်ရဲ့ အလှပြပျံသန်းတဲ့ လေယာဥ်နှစ်စီးဟာ နိုင်ငံမှာ COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုရန် အလှပြပျံသန်းခဲ့ကြောင်း Royal Canadian Air Force (RCAF) ဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။

(သေဆုံးသွားသည့် ကပ္ပတိန်ကေဆီ) (Photo: RCAF)

Snowbirds အဖွဲ့မှ CT-114 Tutor လေယာဥ်ဟာ ပျံတက်ပြီး မကြာမီ လူနေဧရိယာအတွင်းသို့ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း ဒဏ်ရာရခဲ့တဲ့ လေယာဥ်မှူး Richard MacDougall ဟာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း RCAF က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း ကပ္ပတိန်ဂျင်းန်ကေဆီ (Capt. Jenn Casey) သေဆုံးသွားခဲ့ကြောင်း RCAF က အတည်ပြုခဲ့ပါတယ်။

ကေဆီဟာ Snowbirds အဖွဲ့မှာ အများပြည်သူဆိုင်ရာအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဂျာနယ်လစ်တစ်ဦးအဖြစ် နှစ်အနည်းငယ်ကြာ လုပ်ကိုင်ခဲတဲ့ ကေဆီက ၂၀၁၄ ခုနှစ်မှာ ကနေဒါလက်နက်ကိုင်တပ်ဖွဲ့ (Canada's Armed Forces) သို့ ဝင်ရောက်ခဲ့ကြောင်း RCAF ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သူမရဲ့ ကိုယ်ရေးအချက်အလက်အရ သိရှိရပါတယ်။

(Snowbirds လေယာဥ်အုပ်စု အလှပြပျံသန်းမှုတစ်ခု) (Photo: @DanSunPhotoArt/Twitter)

လေယာဥ်ပျက်ကျမှု ဖြစ်ပွားခဲ့တဲ့ Kamloops မြို့ဟာ လူဦးရေ ၉၀,၀၀၀ နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး ဗန်ကူးဗားမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀၀ ခန့်အကွာမှာ တည်ရှိပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း Snowbirds အလှပြပျံသန်းတဲ့ လေယာဥ်အုပ်စုမှ လေယာဥ်တစ်စီးဟာ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှာ ကျင်းပပြုလုပ်တဲ့ လေကြောင်းပြပွဲမတိုင်မီ လူနေထိုင်ခြင်းမရှိတဲ့ ဧရိယာတစ်ခုအတွင်း ပျက်ကျခဲ့ဖူးပြီး လေယာဥ်မှူးကတော အချိန်မီ ခုန်ထွက်နိုင်ခဲ့ကြောင်း သိရပါတယ်။

Source: CBS, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က