ကနေဒါနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်လာပါတယ်။
Ko John

ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ်မှာ သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(သေနတ်သမားကို ဖမ်းဆီးရန်ပြင်ဆင်နေစဥ်) (Photo: AP)

သေနတ်သမားဟာ ရဲတပ်ဖွဲ့တစ်ဦးကဲ့သို့ ဝတ်ဆင်ထားခဲ့တယ်လို့ BBC သတင်းက ဆိုပါတယ်။ Reuters သတင်းမှာတော့ သံသယရှိ သေနတ်သမားဟာ အသက် ၅၁ နှစ်အရွယ် ဂါဘရီရယ် ဝေါ့တ်မန်းဆိုသူဖြစ်ပြီး ၎င်းရဲ့ကားကို ရဲတပ်ဖွဲ့ကားပုံစံ တုပပြင်ဆင်ထားကာ နိုဗာစကိုတီယာရှိ နေရာတွေမှာ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒေသစံတော်ချိန် စနေနေ့ (ဧပြီ ၁၈ ရက်) ညပိုင်မှစပြီး ဖြစ်ပွားခဲ့တဲ့ ယခု ပစ်ခတ်မှုဖြစ်ရပ်ဟာ ကနေဒါနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်လာပါတယ်။

(သေနတ်သမား ဂါဘရီရယ် ဝေါ့တ်မန်) (Photo: RCMP, Nova Scotia)

၁၂ နာရီကြာမြင့်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့က သေနတ်သမားရဲ့ကားကို လိုက်လံရှာဖွေ ပစ်ခတ်ဖမ်းဆီးခဲ့မှုဖြင့် အဆုံးသတ်ခဲ့ပြီး သေနတ်သမားလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၈ ရက် ညပိုင်းက နိုဗာစကိုတီယာပြည်နယ်အတွင်း အတ္တလန်တိတ်ကမ်းရိုးတန်းရှိ ပေါ့တာပီကေး (Portapique) မြို့ငယ်လေးမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

(ရဲကားပုံစံ တုပြင်ဆင်ထားသည့်ကားကို တွေ့ရစဥ်) (Photo: RCMP, Nova Scotia)

ထိုမြို့ငယ်လေးဟာ ပြည်နယ်မြို့တော် ဟာလီဖက်စ်မြို့ရဲ့ မြောက်ဘက် ၈၁ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ယခုပစ်ခတ်မှုအတွင်း သေဆုံးသူအရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ လက်ရှိအချိန်အထိ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ဟေဒီစတီဗင်ဆန်) (Photo: Reuters)

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအနက် ကနေဒါရဲတပ်ဖွဲ့ (Royal Canadian Mounted Police - RCMP) မှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်မြေခံ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ဟေဒီစတီဗင်ဆန်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ အခြားနေရာတွေနဲ့ နှိုင်းယှဥ်ပါက လူအစုအပြုံလိုက်ကို ပစ်ခတ်မှုဖြစ်ရပ်တွေ ရှားပါးပါတယ်။ ကနေဒါဟာ အမေရိကန်ထက် သေနတ်ကိုင်ဆောင်ခွင့်ကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

(နောက်ဆက်တွဲ သတင်းအရ ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၃ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က