ဝန်ကြီးချုပ်ထရူဒီရဲ့ဇနီး ဆိုဖီက ဗြိတိန်မှပြန်လာပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာများ ခံစားလာရပါတယ်။
Ko John

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီရဲ့ဇနီး ဆိုဖီဟာ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ခံစားလာရတာကြောင့် COVID-19 ရောဂါဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။

၎င်းတို့နှစ်ဦးလုံးဟာ ဆိုဖီရဲ့ ဗိုင်းရပ်စ်စစ်ဆေးမှုအဖြေ မထွက်မီကတည်းက ကိုယ်တိုင် သီးခြားခွဲနေထိုင်လျက်ရှိတယ်လို့လည်း မတ်လ ၁၂ ရက်နေ့က တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိမှာ အသက် ၄၈ နှစ်အရွယ် လစ်ဘရယ်ပါတီခေါင်းဆောင် ဂျက်စတင်ထရူဒီကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာများ ပြသခြင်းမရှိဘဲ နေအိမ်မှာ ကိုယ်တိုင် သီးခြားခွဲနေပါတယ်။ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အစည်းအဝေးတွေကိုတော့ ဖုန်းဖြင့်သာ ဆက်သွယ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"ဝန်ကြီးချုပ်ရဲ့ဇနီး ဆိုဖီက ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဆွေးနွေးပွဲတစ်ခုကနေ လတ်တလော ပြန်ရောက်လာခဲ့ပြီးတော့ မနေ့ညတုန်းက ကိုယ်ပူရှိန်အနည်းငယ်မြင့်တက်တာ အပါအဝင် မပြင်းထန်တဲ့ တုပ်ကွေးလို ရောဂါလက္ခဏာတွေ ရှိလာပါတယ်" လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Photo: Evan Mitsui/CBC)

ထို့နောက် ဝန်ကြီးချုပ်ရဲ့ဇနီး ဆိုဖီက ဆေးဘက်ဆိုင်ရာ အကြံပြုချက် ချက်ချင်းရယူခဲ့ပြီး COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့ကြောင်း သိရပါတယ်။ သူမဟာ ရောဂါလက္ခဏာ ခံစားရမှုတွေ သက်သာနေကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ကနဦး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ ကနေဒါဝန်ကြီးချုပ်နဲဇနီးတို့ရဲ့ ကလေးသုံးဦးဟာ နေအိမ်မှာ ဆက်လက်နေကြခြင်းရှိ မရှိကိုတော့ မပြောထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ကနေဒါနိုင်ငံမှာ မတ်လ ၁၂ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၇ ဦး စစ်ဆေးအတည်ပြုထားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကနေဒါနိုင်ငံရဲ့ ပြည်နယ် ၁၀ ခုအနက် ခြောက်ခုမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က