ဒူတာတေးဟာ အသက်အကြီးဆုံး ဖိလစ်ပိုင်သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
Ko John

ဖိလစ်ပိုင်မှာ အများပြည်သူမြင်ကွင်းမှ ကာလအတန်ကြာ ပျောက်နေခဲ့တဲ့ သမ္မတဒူတာတေးက အသက်အရွယ်ဟာ ၎င်းရဲ့ကျန်းမာရေးကို သတိပေးနေပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

(ဂျပန်ဧကရာဇ်နန်းတက်ပွဲ အခမ်းအနားကို ဒူတာတေး တက်ရောက်ခဲ့စဥ်) (Photo: Reuters)

အသက် ၇၄ နှစ်အရွယ် သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်ပြည်သူတွေမြင်ကွင်းကနေ အချိန်အတော်ကြာ ပျောက်နေခဲ့ပြီးနောက် ၎င်းရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။ ဒူတာတေးဟာ ပြီးခဲ့တဲ့လအတွင်း ဂျပန်ဧကရာဇ်နန်းတက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့စဥ်ကလည်း ကျောရိုး မခံမရပ်တဲ့အထိ နာကျင်မှုကြောင့် ဂျပန်နိုင်ငံကနေ အချိန်စောပြီး ပြန်လာခဲ့ရပါတယ်။

ဆိုင်ကယ် မတော်တဆမှုတစ်ခု ဖြစ်ပြီးနောက်ပိုင်း ဒူတာတေးဟာ ကျောရိုးနာကျင်မှု ခံစားနေခဲ့ရပြီး အများပြည်သူမြင်ကွင်းကနေ ရက်သတ္တပတ်များကြာ ပျောက်နေခဲ့ပါတယ်။ ၎င်းဟာ ကြွက်သားအားနည်းမှုကြောင့် မျက်ခွံများတွဲကျပြီး အမြင်အာရုံမှုန်ဝါးမှု ကျန်းမာရေးပြဿနာရှိနေကြောင်း ဒူတာတေးက အောက်တိုဘာလအစောပိုင်းမှာ ထုတ်ပြောခဲ့ပြီးနောက် ၁၀ ရက်မျှအကြာမှာ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(ဖိလစ်ပိုင်သမ္မတ ဒူတာတေး) (Photo: AFP)

"တစ်ကယ်လို့ ကျွန်တော့်ကို ကျန်းမာရေးဒေါင်ဒေါင်မည်ပဲလားလို့ မေးလာခဲ့ရင်တော့ မဟုတ်ဘူးဗျ" လို့ သမ္မတဒူတာတေးက နိုဝင်ဘာ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ GMA News ရုပ်မြင်သံကြားသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"နည်းနည်းဖျားတာနာတာတွေကတော့ ကျွန်တော်က အသက်ကြီးပြီဆိုတော့ ဖြစ်တာပေါပေါ့ဗျာ၊ အသက်အရွယ်က ကျွန်တော့်ကျန်းမာရေးကို စပြီးသတိပေးနေပြီလေ" လို့ အသက်အကြီးဆုံး ဖိလစ်ပိုင်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဒူတာတေးက ဆိုပါတယ်။ သမ္မတဒူတာတေးက ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ၎င်းရဲ့ဇာတိမြို့မှာ အနားယူရင်း အလုပ်လုပ်နေကြောင်း ၎င်းရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆဲလ်ဗာဒို ပင်နီလိုက ပြောပါတယ်။

ဒူတာတေးဟာ ၂၀၁၆ ခုနှစ် ဇွန်လကုန်မှာ ဖိလစ်ပိုင်သမ္မတ တရားဝင်ဖြစ်လာခဲ့ပြီးနောက် နိုင်ငံအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကို စစ်ဆင်ရေးအသွင် ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ခဲ့မှုတွေကြောင့် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ ဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးကို ဦးဆောင်ရန်အတွက် အတိုက်အခံခေါင်းဆောင်နဲ့ ဒုတိယသမ္မတ မာရီယာလီယိုနို ရိုဘရီဒိုကို တာဝန်ပေးခန့်အပ်ထားပါတယ်။

ဒူတာတေးက ဒုတိယသမ္မတရိုဘရီဒိုကို နိုင်ငံတော်လျှို့ဝှက်ချက်များအား ထိန်းသိမ်းထားရန်နဲ့ ထိုသို့မဟုတ်ပါက မူးယစ်စစ်ဆင်ရေးကို ဦးဆောင်သူအဖြစ်မှ ဖယ်ရှားခံရမယ်လို့လည်း လတ်တလော ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က