ကာညေးဝက်စ်က ၂၀၁၅ ခုနှစ်မှာလည်း သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ပြောထားခဲ့ဖူးပါတယ်။

အမေရိကန် ရက်ပ်အဆိုတော် ကာညေးဝက်စ်က ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ၎င်းရဲ့ Twitter မှတစ်ဆင့် ယနေ့ (ဇူလိုင် ၅ ရက်) မှာ ကြေညာခဲ့ပါတယ်။

(Image: @kanyewest/Twitter screengrab)

သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူဖြစ်ခဲ့တဲ့ ကာညေးဝက်စ် (Kanye West) ရဲ့ ယခုပြောကြားမှုက အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့်ကို ယှဥ်ပြိုင်မယ့်သဘော ဖြစ်ပါတယ်။ "ဘုရားသခင်ကို ယုံကြည်ခြင်း၊ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေကို ပေါင်းစည်းခြင်းနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို တည်ဆောက်ခြင်းဖြင့် အမေရိကရဲ့ကတိကို ကျွန်တော်တို့ အခု လက်တွေ့အကောင်အထည်ဖော်ရမယ်၊ ကျွန်တော် အမေရိကန်သမ္မတနေရာအတွက် ပါဝင်ယှဥ်ပြိုင်ပါပြီ" လို့ ကာညေးဝက်စ်က Twitter မှာ ရေးသားထားပါတယ်။

(Photo: Reuters)

ကာညေးဝက်စ်ကို ၎င်းရဲ့ဇနီး ကင်မ်ကာဒါရှီယန်ဝက်စ်နဲ့ ဉာဏ်ကြီးရှင် ဘီလျံနာ အီလွန်မတ်စ်တို့က ထောက်ခံခဲ့ကြပါတယ်။ သို့သော် ကာညေးဝက်စ်ဟာ နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ အမှန်တစ်ကယ် ပြောနေခြင်းဟုတ် မဟုတ် မသိရသေးပါဘူး။



ထို့အတူ ကာညေးဝက်စ်ဟာ သမ္မတရွေးကောက်ပွဲဝင်ရန် တရားဝင် စာရွက်စာတမ်း တင်သွင်းမှုပြုလုပ်ခဲ့ခြင်းရှိ မရှိလည်း လတ်တလောမှာ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြည်နယ်အများအပြားမှာတော့ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် နောက်ဆုံး သတ်မှတ်ရက် မကျော်လွန်သေးကြောင်း သိရပါတယ်။

(Image: @elonmusk/Twitter screengrab)

ကာညေးဝက်စ်ဟာ လက်ရှိ အမေရိကန်သမ္မတထရန့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံက အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ကာညေးဝက်စ်က သမ္မတနေရာအတွက် ယှဥ်ပြိုင်မယ်လို့ ပြောဆိုမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၅ ခုနှစ် MTV Video Music Awards ပွဲမှာလည်း ၂၀၂၀ အမေရိကန်သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ပြောထားခဲ့ဖူးကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။ သို့သော် ယမန်နှစ် နိုဝင်ဘာလအတွင်းမှာတော့ ကာညေးဝက်စ်က ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ အမှန်တစ်ကယ် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ပြောခဲ့ကြောင်းလည်း သိရပါတယ်။ 

Share

Loading Next Article...
က္က