ကာညေးဝက်စ်ရဲ့ ပထမဆုံး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောမှုကို YouTube ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
Ko John

အမေရိကန် ရက်ပ်အဆိုတော် ကာညေးဝက်စ်က ၎င်းရဲ့ အံ့အားသင့်ဖွယ် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကို တနင်္ဂနွေနေ့ (ဇူလိုင် ၁၉ ရက်) မှာ မျက်ရည်တွေဲ့အတူ စတင်လိုက်ပါတယ်။

(Photo: Randall Hill/Reuters)

"Security" လို့ စာတန်းရိုက်နှိပ်ထားတဲ့ ကျည်ကာဂျာကင်အင်္ကျီ ဝတ်ဆင်ထားတဲ့ အသက် ၄၃ နှစ်အရွယ် ကာညေးဝက်စ်က မဲဆွယ်စည်းရုံးပွဲမှာ တစ်နာရီကြာ မိန့်ခွန်းပြောခဲ့ပါတယ်။ ၎င်းက ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်ပြီး ဆန့်ကျင်ပြောကြားခဲ့ရာ တက်ရောက်လာသူတွေနဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး ကာညေးဝက်စ်က မျက်ရည်ကျခဲ့တယ်လို့ ဆိုပါတယ်။



ရက်ပ်အဆိုတော်က မဲဆွယ်စည်းရုံးမှုကို တောင်ကာရိုလိုင်းနားပြည်နယ် ချာလက်စတန်ရှိ မင်္ဂလာပွဲနဲ့ အခမ်းအနားကျင်းပရာ ခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကာညေးဝက်စ်က ဇနီးဖြစ်သူ ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်ဝန်ကို ဖျက်ချလိုခဲ့ကြောင်း ဝန်ခံပြောခဲ့ပါတယ်။ ထို့နောက် ၎င်းကိုလည်း မိခင်က ကိုယ်ဝန်လွယ်ထားရစဥ်ကလည်း ဖခင်ဖြစ်သူက ဖျက်ချစေချင်ခဲ့တယ်လို့ ကာညေးဝက်စ်က ထုတ်ဖော်ပြောပါတယ်။

(Photo: Randall Hill/Reuters)

"ကျွန်တော့်အဖေက ကျွန်တော့်ကို အမေက ကိုယ်ဝန်လွယ်ထားရချိန်မှာ ဖျက်ချစေချင်ခဲ့တာ၊ အမေက ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်ဗျာ၊ အဖေက အရမ်းအလုပ်များနေတော့ ကာညေးဝက်စ်ဆိုတာ ရှိလာမှာမဟုတ်ဘူးလေ၊ ကျွန်တော်လည်း ကျွန်တော့်သမီးကို သတ်မိလုနီးဖြစ်သွားခဲ့တာဗျာ၊ ကျွန်တော့်သမီးကို သတ်မိလုနီးဖြစ်သွားခဲ့တာ" လို့ ကာညေးဝက်စ်က မျက်ရည်များနဲ့အတူ ဖွင့်ဟခဲ့ပါတယ်။

ကာညေးဝက်စ်ရဲ့ ပထမဆုံး သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောကြားမှုကို YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ ကာညေးဝက်စ်ရဲ့ မိန့်ခွန်းဗီဒီယိုကို ကြည့်ရှုရသူတွေကြား ၎င်းရဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ရှုပ်ထွေးမှု၊ ဒေါသဖြစ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ရောထွေးနေတဲ့ မှတ်ချက်ပြုမှုများ ထွက်ပေါ်လာခဲ့ပါတယ်။

(Photo: Kevin Lamarque/Reuters)

တစ်ချိန်က သမ္မတဒေါ်နယ်ထရန့်ကို ထောက်ခံသူဖြစ်ခဲ့တဲ့ ကာညေးဝက်စ် (Kanye West) ဟာ ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ၎င်းရဲ့ Twitter မှတစ်ဆင့် ဇူလိုင် ၅ ရက်မှာ ကြေညာခဲ့ပါတယ်။ ကာညေးဝက်စ်ဟာ လက်ရှိ အမေရိကန်သမ္မတထရန့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံက အိမ်ဖြူတော်ကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ကာညေးဝက်စ်က သမ္မတနေရာအတွက် ယှဥ်ပြိုင်မယ်လို့ ပြောဆိုမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၅ ခုနှစ် MTV Video Music Awards ပွဲမှာလည်း ၂၀၂၀ အမေရိကန်သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ပြောထားခဲ့ဖူးကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။


.


Author


က္က