လက်ရှိအချိန်အထိတော့ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှု အထောက်အထား မတွေ့ရသေးပါဘူး။

တရုတ်မှာတွေ့ရတဲ့ ဝက်တုပ်ကွေး ဗိုင်းရပ်စ်သစ်တစ်မျိုးက ကပ်ရောဂါအသွင် ဖြစ်လာနိုင်တဲ့ အလားအလာရှိမှုကို သုတေသီတွေက တွေ့ရှိခဲ့ကြောင်း ဇွန် ၂၉ ရက်နေ့က အမေရိကန် သိပ္ပံပညာဂျာနယ် Proceedings of the National Academy of Sciences (PNAS) မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။

(Photo: Reuters)

G4 လို့ အမည်ပေးထားတဲ့ အဆိုပါ ဝက်တုပ်ကွေးဗိုင်းရပ်စ် (swine flu) ဟာ ၂၀၀၉ ခုနှစ်က ကပ်ရောဂါဖြစ်စေခဲ့တဲ့ H1N1 နဲ့ ကွဲပြားတယ်လို့ ဆိုပါတယ်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်သစ်က လူတွေကို ကူးစက်နိုင်မှု မြင့်မားကြောင်း တွေ့ရှိရတယ်လို့ သုတေသနစာတမ်းကို ရေးသားခဲ့ကြတဲ့ တရုတ်တက္ကသိုလ်များနဲ့ တရုတ်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (Center for Disease Control and Prevention) မှ သိပ္ပံပညာရှင်တွေက ပြောပါတယ်။



၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ တရုတ်ပြည်နယ် ၁၀ ခုရှိ သားသတ်ရုံများနဲ့ တိရိစ္ဆာန်ဆေးရုံတစ်ခုတို့မှ ဝက်အကောင်ရေ ၃၀,၀၀၀ ရဲ့ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး ၎င်းတို့အနက်မှ ဝက်တုပ်ကွေးဗိုင်းရပ်စ် ၁၇၉ ခုကို သီးခြားခွဲထားခဲ့ပါတယ်။ ထိုဗိုင်းရပ်စ်တွေအနက် အများစုဟာ ၂၀၁၆ ခုနှစ်ကတည်း ဝက်တွေမှာ ရှိနေခဲ့တဲ့ ဗိုင်းရ်စ်အမျိုးအစားသစ် ဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထို့နောက် သုတေသီတွေကတော့ ဗိုင်းရပ်စ်ကို မြွေပါကောင်တွေ အပါအဝင် တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့ပါတယ်။ မြွေပါတွေဟာ လူတွေမှကဲ့သို့ ဖျားခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ အဓိကအားဖြင့် ဖြစ်ပေါ်တာကြောင့် ၎င်းတို့ကို တုပ်ကွေးနဲ့ပတ်သက်တဲ့ သုတေသနတွေမှာ အသုံးပြုကြပါတယ်။

သုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုအရ G4 ဗိုင်းရပ်စ်ဟာ အခြား ဗိုင်းရပ်စ်တွေထက် မြွေပါတွေမှာ ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြောင်း သိရပါတယ်။ ထို့အတူ လူတွေ ထိုးနှံနေကြတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေက G4 ကို မကာကွယ်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

(Photo: Sky News)

ဝက်တုပ်ကွေးဗိုင်းရပ်စ်သစ် G4 ဟာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှု အထောက်အထား မတွေ့ရသေးပါဘူး။ သိပ္ပံပညာရှင်တွေကို လူတစ်ဦးမှတစ်ဦးသို့ အဆိုပါ ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှာကို အဓိက စိုးရိမ်ပူပန်နေကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

လူတွေမှာ ကူးစက်တဲ့ G4 ဗိုင်းရပ်စ်က နောက်ထပ် လူတွေကို ကူးစက်သွားမှာကို စိုးရိမ်ပါတယ်၊ ဒီလိုဆိုရင် လူအချင်းချင်းကြား ကူးစက်တဲ့ ကပ်ရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ် မြင့်တက်လာပါတယ်" လို့ သုတေသီတွေက ပြောထားပါတယ်။ သုတေသီတွေက G4 နဲ့ ပတ်သက်တဲ့ ယခု သုတေသနတွေ့ရှိမှု ထုတ်ပြန်မှုနဲ့အတူ ဝက်တွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေကို စောင့်ကြည့်မှုများ အစောတလျင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က