မီးခိုးမထွက်မီးဖိုတွေက ပိုမိုစိမ်းလန်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပြီး ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကင်ညာနိုင်ငံမှ အသက် ၂၆ နှစ်အရွယ် မက်စ်ချင်နာက သမိုင်းတွင်စေမယ့် တီထွင်မှုအဖြစ် မီးခိုးမထွက်တဲ့ မီးဖိုကို ဖန်တီးတီထွင်ခဲ့ပြီး ၎င်းရဲ့လုပ်ဖော်ကိုင်ဖက် ဂါနာနိုင်ငံသား ဂေါ့ဒ်ဝင် အက်တီဂါနဲ့အတူ မူပိုင်ခွင့်မှတ်ပုံတင်ထားကြောင်း သိရပါတယ်။

(Photo: Terraoak)

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ Waterburg ကောလိပ်မှ ဘွဲ့ရတစ်ဦးဖြစ်သူ မက်စ်က ၎င်းတီထွင်ခဲ့တဲ့ မီးဖိုက ကမ္ဘာတစ်ဝှမ်းမှ အသက်တွေကိုကယ်တင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း Daily Times သတင်းက ပြောပါတယ်။ မက်စ်နဲ့ ဂေါ့ဒ်ဝင်တို့က Terraoak Inc. အမည်ရှိ ကုမ္ပဏီကိုတည်ထောင်ထားပြီး မီးခိုးမထွက်တဲ့ မီးဖိုတွေ အလွန်များပြားတဲ့ပမာဏ ထုတ်လုပ်ကာ ကမ္ဘာတစ်ဝှမ်း ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ထားပါတယ်။



"ကျွန်ုပ်တို့က ဒီကမ္ဘာတစ်ဝှမ်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပြန်လည်တွန်းလှန်ပြီး နောက်မျိုးဆက်အတွက် ပိုမိုစိမ်းလန်းတဲ့ အနာဂတ်ဖြစ်စေဖို့ လုပ်ဆောင်နေပါတယ်" လို့ အဆိုပါ ကုမ္ပဏီရဲ့ Facebook မှာ ရေးသားထားပါတယ်။

(Photo: Terraoak)

မက်စ်က မီးခိုးထွက်တဲ့ မီးဖိုများဖြင့် ချက်ပြုတ်မှုဟာ ကျန်းမာရေးအန္တရာယ်ရှိကြောင်း ကောင်းစွာသဘောပေါက် သိရှိထားသူလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ဇာတိ ကင်ညာမှာ မီးခိုးအထွက်များတဲ့ မီးဖိုများဖြင့် နေ့စဉ်ချက်ပြုတ်နေမှုက အသက်ရှူလမ်းကြောင်းနဲ့ဆက်နွယ်တဲ့ ရောဂါတွေဖြစ်စေပြီး ထိုရောဂါကြောင့်ပင် မက်စ်ရဲ့အဖွားဖြစ်သူ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Terraoak)

Terraoak ကုမ္ပဏီက ထုတ်လုပ်ရောင်းချသွားမယ့် မီးဖိုတွေက ပိုမိုစိမ်းလန်းတဲ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ကမ္ဘာကြီးပူနွေးမှုကိုလည်း လျှော့ချနိုင်မယ်လို့ မက်စ်က မျှော်လင့်ထားပါတယ်။ မက်စ်ရဲ့ မီးခိုးမထွက်တဲ့ မီးဖိုက ချက်ပြုတ်မှုအပြင် မီးဖိုမှထွက်ရှိလာတဲ့ အပူစွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲပေးပြီး USB port မှတစ်ဆင့် ဖုန်းဘက်ထရီအားသွင်းနိုင်ကြောင်းလည်း သိရပါတယ်။

(Photo: Terraoak)

မီးခိုးမထွက်တဲ့ မီးဖိုကို နေအိမ်ပြင်ပ နေရာများသို့ ပျော်ပွဲစားထွက်ခြင်း၊ စခန်းချခရီးထွက်ခြင်းကဲ့သို့ အပန်းဖြေသွားလာရာမှာ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ပြီး Terraoak က ထိုဈေးကွက်ကိုလည်း ပစ်မှတ်ထားရှာဖွေနေပါတယ်။ လက်ရှိမှာ မက်စ်နဲ့ဂေါ့ဒ်ဝင်တို့ရဲ့ ကုမ္ပဏီက ကင်ညာနိုင်ငံ ကျေးလက်ဒေသမှ လယ်သမားများထံသို့ မီးခိုးမထွက်တဲ့မီးဖို ၁,၀၀၀ ဖြန့်ဖြူးရောင်းချရန် စီစဉ်နေကြောင်း သိရပါတယ်။

(Photo: Terraoak)

နိုင်ဂျီးရီးယားလူငယ် မက်စ်ဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်ပေမဲ့ မိုင်ယာမီမှာပြုလုပ်ခဲ့တဲ့ Clinton Global Initiative ဆွေးနွေးပွဲကို တက်ရောက်ခဲ့ဖူးပြီး ထိုဆွေးနွေးပွဲက ၎င်းကို စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်လာစေရန် တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူသားတွေကို ကောင်းမွန်စွာ အကျိုးသက်ရောက်စေနိုင်ရေး လိုအပ်ချက်ရှိနေမှုက ကမ္ဘာကြီးကို ကူညီနိုင်တဲ့ တစ်စုံတစ်ရာပြုလုပ်ရန် ၎င်းအတွက် တွန်အားဖြစ်စေခဲ့ကြောင်းလည်း မက်စ်က ပြောခဲ့ပါတယ်။

Source: Terraoak, WCF Courier, Legit


ဆက်စပ်အကြောင်းအရာများ



က္က