ဖီဒယ်ကက်စထရို အာဏာရလာခဲ့ပြီးနောက်ပိုင်း ၁၉၇၆ ခုနှစ်မှစပြီး ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ထားခဲ့ပါတယ်။

ကျူးဘားနိုင်ငံမှာ ၄၃ နှစ်အတွင်း ပထမဆုံး ဝန်ကြီးချုပ်တစ်ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျူးဘားသမ္မတ မီဂဲလ်ဒိုင်ယက်ဇ်ကာနယ်က ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးမန်နျူရယ်မာရီရိုခရုဇ်ကို ဝန်ကြီးချုပ်အဖြစ် ယမန်နေ့ (ဒီဇင်ဘာ ၂၁ ရက်) မှာ ခန့်အပ်လိုက်ပါတယ်။

(ကျူးဘားလွှတ်တော်မှာ ဝန်ကြီးချုပ်ခန့်အပ်မှုမြင်ကွင်း) (Photo: Reuters)

ကျူးဘားမှာ တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရို အာဏာရလာခဲ့ပြီးနောက်ပိုင်း ၁၉၇၆ ခုနှစ်မှစပြီး ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ထားခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်အစောပိုင်းမှာ အတည်ပြုခဲ့တဲ့ ကွန်မြူနစ် ကျူဘားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာတဲ့ အသက် ၅၆ နှစ်အရွယ် မာရီရိုက လက်ရှိမှာ သမ္မတက ထမ်းဆောင်နေရတဲ့ တာဝန်အချို့ကို တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟာ သမ္မတရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ညာလက်ရုံးဖြစ်လာမယ်လို့ ကျူးဘားအစိုးရပိုင် အွန်လိုင်းသတင်းဌာန Cubadebate က ပြောပါတယ်။

(ဖီဒယ်ကက်စထရိုနှင့် ရာအူးလ်ကက်စထရို) (Photo: Getty Images)

ဝန်ကြီးချုပ်ရာထူး ပြန်လည်ထားရှိပေမဲ့လည်း ကျူးဘားကွန်မြူနစ်ပါတီနဲ့ စစ်တပ်က မူဝါဒဆိုင်ရာ အမှန်တစ်ကယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတွေဖြစ်နေဆဲလို့ ဝေဖန်သူတွေက ဆိုပါတယ်။ ကျူးဘားဝန်ကြီးချုပ်ဖြစ်လာတဲ့ မာရီရိုဟာ ၂၀၀၀ ပြည့်နှစ်က စစ်တပ်ပိုင် Gaviota ခရီးသွားလာရေးလုပ်ငန်းအုပ်စုရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Gaviota အုပ်စုရဲ့ ဟိုတယ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ဖီဒယ်ကက်စထရိုက မာရီရိုကို ခရီးသွားလာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ထိုစဥ်ကတည်းက ကျူးဘားမှာ ခရီးသွားလုပ်ငန်းကဏ္ဍကို အဓိက အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။

(ကျူးဘားသမ္မတ မီဂဲလ်နှင့် ရာအူးလ်ကက်စထရို) (Photo: AP)

ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် မာရီရိုက ခရီးသွားလာရေးဝန်ကြီးဌာနကို ဆက်လက် ဦးဆောင်သွားခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။ ကျူးဘားနိုင်ငံမှာ ဖီဒယ်ကက်စထရို ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများဖြင့် ၁၉၅၉ ခုနှစ်မှာ ကျူးဘားအစိုးရကို ပြိုလဲစေခဲ့ပါတယ်။ ထို့နောက် တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုက ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပါတယ်။

ဖီဒယ်ကက်စထရိုက ကျူးဘားဝန်ကြီးချုပ်ရာထူးကို ၁၉၇၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် ထိုရာထူးနေရာကို ပယ်ဖျက်လိုက်ပါတယ်။ ထိုအချိန်မှစပြီး ဖီဒယ်ကက်စထရိုက ကွန်မြူနစ်ပါတီခေါင်းဆောင်နဲ့ ကျူးဘားသမ္မတ ဖြစ်လာခဲ့ပါတယ်။ ဖီဒယ်ကက်စထရိုဟာ ၂၀၀၆ ခုနှစ်မှာ ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ၎င်းရဲ့ညီ ရာအူးလ်ကက်စထရိုကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။

(ဟာဗားနားမြို့တော်မှာတွေ့ရသည့် ခရီးသွားလုပ်ငန်းသုံး ဘတ်စ်ကား) (Photo: TNS)

ထင်ရှားတဲ့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုဟာ အသက် ၉၀ နှစ်အရွယ် ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖီဒယ်ကက်စထရိုရဲ့ညီ ရာအူးလ်ကက်စထရိုက ၂၀၁၈ ခုနှစ်မှာ သမ္မတအဖြစ်မှ နုတ်ထွက်သွားခဲပြီး လက်ရှိမှာ ကျူးဘားကွန်မြူနစ်ပါတီခေါင်းဆောင်နဲ့ ကျူးဘားနိုင်ငံရေးမှာ အရေးပါသူဖြစ်နေဆဲလို့ သိရပါတယ်။

Source: AFP, BBC


ဆက်စပ်အကြောင်းအရာများ



က္က