ထရန့်နဲ့ကင်မ်တို့ဟာ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်မှာ ယခု သီတင်းပတ်ကုန်အတွင်း တွေ့ဆုံကြရန် ယနေ့ (ဇွန် ၂၉ ရက်) ကမ်းလှမ်းလိုက်ပါတယ်။

(G20 အစည်းအဝေးတက်ရောက်နေသည့် ထရန့်) (Photo: Reuters)

လက်ရှိမှာ G20 ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ သမ္မတထရန့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာရှိနေပြီး တောင်ကိုရီးယားနိုင်ငံကို ယနေ့နှောင်းပိုင်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ ထရန့်က တောင်ကိုရီးယားမှ တနင်္ဂနွေနေ့ (ဇွန် ၃၀ ရက်) မှာ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

"အဲဒီမှာရှိနေတုန်း (တစ်ကယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ် ဒါကို သိတယ်ဆိုရင်) ကျွန်တော် သူ့ကို နယ်စပ်မှာ/စစ်မဲ့ဇုန်မှာ တွေ့ဆုံမှာပါ၊ သူ့ကိုလက်ဆွဲနှုတ်ဆက်ပြီး ဟယ်လိုလို့ ပြောဖို့အတွက်ပါပဲ" လို့ အမေရိကန်သမ္မတထရန့်က Twitter မှာ ရေးထားပါတယ်။

"သူ အဲဒီမှာရှိရင် ကျွန်တော်တို့ နှစ်မိနစ်လောက် တွေ့ကြတာပေါ့၊ ဒါ ကျွန်တော်တို့ လုပ်နိုင်သမျှပါပဲ၊ ဒါပေမဲ့ ဒါက အဆင်ပြေပါလိမ့်မယ်" လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

(ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်နေရာ) (Photo: Reuters)

သမ္မတထရန့်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်နေရာ (Demilitarised zone - DMZ) ကို လာရောက်ရန်စီစဉ်ခဲ့သေးပေမဲ့ ရာသီဥတုဆိုးရွားမှုကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ DMZ မှာ တွေ့ဆုံကြရန် ထရန်ရဲ့ကမ်းလှမ်းမှုဟာ အလွန်စိတ်ဝင်စားစရာ အဆိုပြုချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Stephen Biegun ကလည်း အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ရန် အဆင်သင့်ဖြစ်ကြောင်း သောကြာနေ့ (ဇွန် ၂၈ ရက်) မှာ ပြောထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(ထရန့်နဲ့ကင်မ် ဗီယက်နမ်မှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ်) (Reuters)

အမေရိကန်သမ္မတ ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပူးပေါင်းလုပ်ဆောင်ကြရန် အပါအဝင် သဘောတူညီချက်အချို့ ရရှိခဲ့ကြပါတယ်။

၎င်းတို့နှစ်ဦးဟာ ယခုနှစ် ဖေဖေါ်ဝါရီ ၂၇-၂၈ ရက်မှာလည်း ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြပါတယ်။ သို့သော် ဗီယက်နမ် ထိပ်သီးတွေ့ဆုံမှုမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အပြန်အလှန်အားဖြင့် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်တို့အပေါ် ကွဲလွဲမှုတွေရှိခဲ့ပြီး သဘောတူညီမှုမရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။

နောက်ဆက်တွဲသတင်း - ထရန့်နဲ့ကင်မ်ဂျုံအန် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ တွေ့ဆုံ

Share

Loading Next Article...
က္က