အသေခံဗုံးခွဲသမားက မင်္ဂလာပွဲကျင်းပနေစဉ် ဗုံးဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ မင်္ဂလာပွဲအခမ်းအနားကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲတစ်ခုအတွင်း လူ ၆၀ ကျော် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

မျက်မြင်တွေ့ရှိခဲ့သူတွေက BBC ကို ပြောကြားမှုအရ အသေခံဗုံးခွဲသမားဟာ မင်္ဂလာပွဲကျင်းပနေစဉ် ဗုံးဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့ (သြဂုတ် ၁၇ ရက်) ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်အချိန်က ကဘူးလ်မြို့အနောက်ပိုင်း ရှီးအာမွတ်စလင်မ် အများစု နေထိုင်ကြတဲ့နေရာရှိ မင်္ဂလာခန်းမတစ်ခုမှာ အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းကြာတဲ့အထိ မည်သည့်အုပ်စုကမျှ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ထုတ်ဖော်ပြောခဲ့ပါတယ်။

(Photo: EPA)

အာဖန်ဂန်မှာ အဓိက ခြေကုပ်ယူထားတဲ့ တာလီဘန်စစ်သွေးကြွအုပ်စုကတော့ ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစောပိုင်းကတည်းက ငြင်းဆိုထားခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်အစိုးရနဲ့ တာလီဘန်အုပ်စုက အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့များ လျှော့ချသွားရန် ဆွေးနွေးညှိနှိုင်းနေရာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

မင်္ဂလာပွဲအခမ်းအနားမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၆၃ ဦး သေဆုံးခဲ့ပြီး ၁၈၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူတွေအနက် အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား နာစရတ်ရာဟီမီက ပြောပါတယ်။

(Photo: Reuters)

အာဖဂန်မှာ မင်္ဂလာပွဲတွေကို ပြောစမှတ်ပြုလောက်စရာ ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိကြပြီး ဧည့်ပရိသတ် ရာနဲ့ချီ သို့မဟုတ် ထောင်နဲ့ချီ တက်ရောက်ကြလေ့ရှိပါတယ်။ မင်္ဂလာခန်းမကျယ်ကြီးထဲမှာ မင်္ဂလာပွဲအခမ်းအနားကို နာရီအတန်ကြာအထိ ကျင်းပလေ့ရှိကြပြီး အမျိုးသားတွေနဲ့ အမျိုးသမီး၊ ကလေးငယ်တွေကို သီးခြားခွဲကာ နေရာချထားပါတယ်။

ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မင်္ဂလာပွဲဟာ ရှီးအာမွတ်စလင်မ် အသိုင်းအဝိုင်းမှ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဆွန်နီမွတ်စလင်မ် အများစုနေထိုင်ကြတဲ့ အာဖဂန်နစ္စတန်မှာ ရှီးအာတွေကို တာလီဘန်နဲ့ အိုင်အက်စ် အပါအဝင် ဆွန်နီအကြမ်းဖက်အုပ်စုတွေက မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်တတ်ကြောင်း သိရပါတယ်။

(Photo: EPA)

အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မင်္ဂလာပွဲခန်းမနေရာမှ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ရာ ကြမ်းပြင်မှာ သွေးများပေကျံနေတဲ့ အလောင်းတွေကိုတွေ့ရပြီး စားပွဲ၊ ထိုင်ခုံနဲ့ အခြားပစ္စည်း အပျက်အစီးတွေ ပြန့်ကျဲနေခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားအပြီး နှစ်နာရီကြာတဲ့အထိ မင်္ဂလာခန်းမထဲမှ အလောင်းတွေ သယ်ထုတ်နေရဆဲဖြစ်ကြောင်း အခင်းဖြစ်နေရာမှာ ရှိနေခဲ့သူ မိုဟမ်မက်ဖာဟတ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က