စစ်သားတွေကို လူနာနဲ့ထိတွေ့ခဲ့သူများ ခြေရာခံရှာဖွေရေး လေ့ကျင့်သင်တန်းပေးသွားမှာပါ။

စပိန်နိုင်ငံမှာ COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံရှာဖွေရေးမှာ ကူညီရန်အတွက် စစ်တပ်ခေါ်ယူမယ်လို့ ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်က ပြောကြားပါတယ်။

(Photo: Reuters)

ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် အတည်ပြုလူနာနဲ့ ထိတွေ့ဖူးသူတွေကို ရှာဖွေဖော်ထုတ်ရေး ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ စပိန်ဗဟိုအစိုးရက စစ်သား ၂,၀၀၀ ကို လူနာနဲ့ထိတွေ့ခဲ့သူများ ခြေရာခံရှာဖွေရေး လေ့ကျင့်သင်တန်းပေးပြီး ကူးစက်မှုများ မြင့်တက်ဖြစ်ပွားနေမှု ထိန်းချုပ်ရေးမှာ ပါဝင်ကူညီစေမယ်လို့ ဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



မက်ဒရစ်နဲ့ ကတ်တလိုနီးယားကဲ့သို့ COVID-19 ကူးစက်မှုမြင့်တက်နေတဲ့ နယ်မြေတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ရှာဖွေဖော်ထုတ်မှု မရှိကြောင်း ကျွမ်းကျင်သူအများအပြားက အပြစ်တင်ဝေဖန်ကြပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အရေးပေါ်အခြေအ‌နေကြေညာရန် ဗဟိုအစိုးရကို ခွင့်တောင်းနိုင်ကြောင်းလည်း ဝန်ကြီးချုပ်ဆန်ချက်က ကြေညာပါတယ်။

(Photo: Anadolu Agency)

အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် နေရာအလိုက် သို့မဟုတ် နယ်မြေတစ်ခုလုံးမှာ လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကန့်သတ်နိုင်မှာ ဖြစ်ပါတယ်။ စပိန်ဗဟိုအစိုးရက မတ်လလယ်မှာ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာခဲ့ပြီး ကမ္ဘာ့အတင်းကျပ်ဆုံး lockdown အစီအမံတွေ သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။

စပိန်တစ်နိင်ငံလုံး lockdown လုပ်ထားမှုကို ဇွန် ၂၁ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။ စပိန်မှာ လတ်တ‌လော COVID-19 ကူးစက်မှုတွေ မြင့်တက်နေခြင်းဟာ စိုးရိမ်စရာဖြစ်ပြီး နောက်တစ်ကြိမ် ကူးစက်မှုအထိတ်အထိပ် မဖြစ်စေရန် ထိန်းချုပ်ရပ်တန့်ရမယ်လို့ ဝန်ကြီးချုပ်ဆန်ချက်က ဆိုပါတယ်။

(Photo: Reuters)

စပိန်မှာ lockdown ရုပ်သိမ်းခဲ့ပြီးနောက် ကူးစက်မှုများ သိသိသာသာ ပြန်လည် မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာခဲ့ပေမဲ့ သေဆုံးမှုကတော့ ယခင် ကူးစက်မှုအခြေအနေ အထွတ်အထိပ်ဖြစ်ခဲ့စဥ်ကထက် များစွာလျော့နည်းကြောင်း သိရပါတယ်။ စပိန်မှာ COVID-19 ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော် တွေ့ရှိရပြီး အနောက်ဥရောပမှာ အများဆုံးဖြစ်ကာ ဥရောပတိုက်မှာ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စပိန်မှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၂၉,၀၀၀ နီးပါးရှိခဲ့ပြီး သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံတွေအနက် ပါဝင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က