မိသားစုဝင်တစ်ဦး lockdown မတိုင်မီကတည်းက ကူးစက်ခံထားရပါက အိမ်ထဲမှာပင် ကူးစက်မှုအစုအဝေး ဖြစ်လာနိုင်ပါတယ်။
Ko John

ဧပြီ ၂၄ ရက်နေ့က အသက် ၅၇ နှစ်အရွယ် ဦးလေးဖြစ်သူ ကိုယ်ပူဖျားနာလာခဲ့စဥ် မူကူလ်ဂါဂ် (Mukul Garg) တစ်ယောက် အလွန် စိုးရိမ်တာမျိုး မရှိခဲ့ပါဘူး။

အပြင်ဘက်က ဘယ်သူနဲ့မှ မတွေ့ခဲ့ကြဘူး၊ ဘယ်သူမှလည်း အိမ်ထဲမဝင်ကြဘူး၊ ဒါပေမဲ့ ဗိုင်းရပ်စ်က ကျွန်တော်တို့အိမ်ထဲ ဝင်လာခဲ့တယ်

(Photo: Getty Images)

နောက် ၄၈ နာရီအတွင်းမှာတော့ လူဦးရေ ၁၇ ဦးရှိတဲ့ သူ့ရဲ့မိသားစုထဲမှ အခြား နှစ်ဦးလည်း နေမကောင်းဖြစ်လာခဲ့ပါတယ်။ အားလုံးက ကိုယ်အပူချိန်မြင့်တက်ပြီး ချောင်းဆိုချွဲကြပ်နေခဲ့ကြပါတယ်။ Garg က အစပိုင်းမှာတော့ ရာသီတုပ်ကွေး ဖြစ်မယ်လို့ ယူဆခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်နိုင်ကြောင်းကို လက်မခံချင်ခဲ့ဘူးလို့ ဆိုပါတယ်။

"ဒီအိမ်မှာက တစ်ခါတလေ လူငါးယောက် ဒါမှမဟုတ် ခြောက်ယောက် တစ်ချိန်တည်း နေမကောင်းဖြစ်လေ့ရှိတာပဲ၊ အထိတ်တလန့် မဖြစ်နဲ့" လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့မိတယ်လို့ Garg က ဖွင့်ဟပါတယ်။ နောက်ထပ် ရက်အနည်းငယ်မျှအကြာမှာတော့ Garg တို့ရဲ့အိမ်မှာ နောက် လူငါးဦး COVID-19 လက္ခဏာများ ပြသလာခဲ့ပါတယ်။

(Photo: Hindustan Times/Getty Images)

ထို့နောက် မကြာမီမှာပင် Garg တို့ မိသားစုနေအိမ်မှာ မိသားစုဝင် ၁၇ ဦးအနက် ၁၁ ဦးဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပြီး အစုအပြုံလိုက် ကူးစက်မှုနေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ "ကျွန်တော်တို့ အိမ်အပြင်ဘက်က ဘယ်သူနဲ့မှ မတွေ့ခဲ့ကြဘူး၊ ဘယ်သူမှလည်း အိမ်ထဲမဝင်ကြဘူး၊ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က ကျွန်တော်တို့အိမ်ထဲ ဝင်လာခဲ့တယ်၊ ပြီးတော့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ကူးစက်ကုန်တော့တာပဲ" လို့ Garg က ၎င်းရဲ့ဘလော့ဂ်မှာ ရေးသားထားပါတယ်။

Garg ရဲ့ ဘလော့ဂ်မှာ ရေးသားထားမှုကို ဖတ်ရှုသူတွေထံမှ မှတ်ချက်ပေးထားမှု ရာနဲ့ချီ ရှိခဲ့ပါတယ်။ Garg ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ရေးသားထားမှုဟာ မျိုးဆက်တစ်ခုထက်မက နေအိမ်တစ်ခုတည်းမှာ စုပေါင်းနေထိုင်ကြတဲ့ အိန္ဒိယလူနေမှုက COVID-19 တိုက်ဖျက်ရေးမှာ အခြားနိုင်ငံတွေနဲ့မတူ တစ်မူထူးခြားနေတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့တာကို ထင်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။

ကျွန်တော်တို့ ၁၇ ယောက်တောင်ရှိတာ၊ ဒါပေမဲ့ ကျွန်တော်တို့ တစ်ယောက်တည်းလို ခံစားခဲ့ကြရတယ်

(Mukul Garg မိသားစု) (Photo: Mukul Garg)

အိန္ဒိယမှာ COVID-19 ထိန်းချုပ်ရေးအတွက် အစိုးရက မတ် ၂၄ ရက် ညသန်းခေါင်မှစပြီး တစ်နိုင်ငံလုံးရှိ လူဦရေ ၁.၃ ဘီလီယံကို အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့ပါတယ်။ သို့သော် အိန္ဒိယမှာ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းဟာ မျိုးဆက်တစ်ခုထက်မက (တစ်ခါတစ်ရံ မျိုးဆက်သုံးခု သို့မဟုတ် လေးခုအထိဟာ တစ်မိုးအောက်မှာ အတူနေကြပါတယ်) အတူတကွ နေထိုင်ကြရာ နေအိမ်တစ်အိမ်ကပင် လူစုလူဝေး နေရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ဟာ မိုးလုံလေလုံ နေရာတွေမှာ ပိုမိုကူးစက်ပျံ့နှံ့နိုင်ကြောင်း သုတေသနက ဖော်ြပထားမှုအရ အိန္ဒိယမှ အိမ်ထောင်စုတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုအန္တယ် ပိုများနေခဲ့ပြန်ပါတယ်။ တစ်နိုင်ငံလုံးကို lockdown လုပ်ခဲ့ပြီး နေအိမ်ပြင်ပ ထွက်ခွင့်မရှိတော့ချိန်မှာ မိသားစုဝင်တစ်ဦးဟာ lockdown မတိုင်မီကတည်းက ကူးစက်ခံထားရပါက အိမ်ထဲမှာပင် ကူးစက်မှုအစုအဝေး ဖြစ်လာနိုင်ပါတယ်။

(Photo: Getty Images)

Garg ရဲ့ အတွေ့အကြုံအရ ကြီးမားတဲ့ မိသားစုတွေထဲဟာ အထူးသဖြင့် နေအိမ်ပြင်ပ ထွက်ခွင့်မရှိတဲ့ lockdown ကာလအတွင်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြရန် မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ Garg တို့ မိသားစုကြီးရဲ့ နေအိမ်က ဒေလီအနောက်မြောက်ပိုင်းမှာရှိပြီး အထပ်သုံးထပ်ပါရှိပါတယ်။

အသက် ၃၃ နှစ်အရွယ် Garg က အသက် ၃၀ အရွယ် ဇနီးဖြစ်သူ၊ အသက်ခြောက်နှစ်နဲ့ နှစ်နှစ်အရွယ် ကလေးနှစ်ဦးတို့ရှိပြီး ၎င်းရဲ့ မိဘတွေ၊ အဘိုးအဘွားတွေနဲ့အတူ ထိုအိမ်ကြီးရဲ့ အပေါ်ဆုံးထပ်မှာ နေထိုင်ကြပါတယ်။ Garg တို့ရဲ့ အောက်ထပ်မှာတော့ ၎င်းရဲ့ ဦလေးတွေနဲ့ မိသားစုတွေ နေထိုင်ကြပါတယ်။ Garg မိသားစုကြီးမှာ အသက်အငယ်ဆုံး လေးလအရွယ် ကလေးငယ်ကနေ အိပ်ရာထဲလဲနေတဲ့ အသက် ၉၀ အရွယ် အဘိုးတစ်ဦးအထိ ရှိနေပါတယ်။

ကျွန်တော်တို့ တစ်ခုခုဖြစ်တော့မလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြတယ်

(Photo: Hindustan Times)

Garg မိသားစု ကူးစက်မှုအစုအဝေးထဲမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ လူနာအမှတ်သုည (patient zero) ဟာ ၎င်းရဲ့ ဦးလေးဖြစ်ပေမဲ့ မည်သို့ ကူးစက်ခံခဲ့ရကြောင်း အတိအကျ မသိနိုင်သေးပါဘူး။ "အသီးအရွက်ဈေးသည်တစ်ယောက်ဆီက ဒါမှမဟုတ် ကုန်စုံဆိုင်မှာရှိတဲ့ တစ်ယောက်ယောက်ဆီက ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ထင်တယ်၊ ဘာကြောင့်ဆိုတော့ အဲဒီတစ်ကြိမ်ပဲ မိသားစုထဲကနေ တစ်ယောက်က အပြင်ထွက်ခဲ့တာလေ" လို့ Garg က ပြောပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့အတူ ၎င်းတို့ မိသားစုဟာ စိုးရိမ်ကြောက်လန့်ပြီး စစ်ဆေးရမှာကို ရှက်ရွံ့နေခဲ့မိကြတယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ၁၇ ယောက်တောင်ရှိတာ၊ ဒါပေမဲ့ ကျွန်တော်တို့ တစ်ယောက်တည်းလို ခံစားခဲ့ကြရတယ်၊ ကျွန်တော်တို့ တစ်ခုခုဖြစ်တော့မလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြတယ်၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတာဆိုတော့ မိသားစုထဲက တစ်ယောက်ယောက်များ ဆုံးပါးသွားမလားတောင် စိုးရိမ်ခဲ့ကြတယ်" လို့ Garg က ဖွင့်ဟခဲ့ပါတယ်။

(Photo: Getty Images)

မေလ ပထမပတ်ထဲမှာတော့ မိသားစုထဲမှ အသက် ၅၄ နှစ်အရွယ် အဒေါ်တော်စပ်သူက အသက်ရှူရခက်လာကြောင်း ပြောလာခဲ့ရာ သူမကို ဆေးရုံတစ်ရုံသို့ အလျင်အမြန် ပို့ခဲ့ရပါတယ်။ ထို့နောက်မှာတော့ ၎င်းတို့အားလုံး ဗိုင်းရပ်စ် စစ်ဆေးရတော့မယ်လို့ သိခဲ့ရကြောင်း Garg က ပြောပါတယ်။

မေလတစ်လလုံးဟာ Garg မိသားစုအတွက် ဗိုင်းရပ်စ်တိုက်ထုတ်ခြင်းနဲ့ အချိန်ကုန်လွန်ခဲ့ပါတယ်။ Garg က ဆရာဝန်တွေနဲ့ နာရီနဲ့ချီကြာတဲ့အထိ ဖုန်းပြောခဲ့ရပါတယ်။ မိသားစုဝင်တွေကလည်း တစ်ဦးနဲ့တစ်ဦး အခြေအနေကို WhatsApp ကနေတစ်ဆင့် နေ့စဥ် မေးမြန်းစစ်ဆေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။

နေ့ချင်းညချင်းပဲ ကျွန်တော်တို့အိမ်က COVID-19 ဆေးရုံဖြစ်သွားခဲ့တယ်

(Photo: India Today)

"ရောဂါလက္ခဏာပေါ်မူတည်ပြီး မိသားစုဝင်တွေကို နေရာပြောင်းခဲ့ကြတယ်၊ ကိုယ်ပူချိန် ပိုမြင့်နေတဲ့ နှစ်ယောက်ကို တစ်ခန်းတည်းထားခဲ့တယ်" လို့ Garg က ပြောပါတယ်။ မိသားစုဝင်တွေထဲမှ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦးအနက် ခြောက်ဦးဟာ သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါအခံတွေ ရှိနေခဲ့ကြပြီး ကူးစက်ခံရရန် ပိုလွယ်ခဲ့ကြောင်း Garg က ရှင်းပြပါတယ်။

"နေ့ချင်းညချင်းပဲ ကျွန်တော်တို့အိမ်က COVID-19 ဆေးရုံဖြစ်သွားခဲ့တယ်၊ ကျွန်တော်တို့အားလုံးက သူနာပြုတွေလိုပဲ" လို့ Garg က ပြောပါတယ်။ Garg မိသားစုကြီးက ၎င်းတို့ နေအိမ်မှာပင် ဆေးရုံတစ်ခုသဖွယ် အချင်းချင်း ပြုစုစောင့်ရှောက်နေထိုင်ကြရင်း COVID-19 ကို အံတုရင်ဆိုင်ခဲ့ကြပါတယ်။

(Photo: Al Jazeera)

မေလကုန်အရောက်မှာတော့ မိသားစုဝင်တွေအနက် ၎င်းအပါအဝင် သုံးဦးထံမှာပဲ ဗိုင်းရပ်စ်ရှိနေတော့ကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။ ထို့နောက် ဇွန် ၁ ရက်နေ့က တတိယအကြိမ် စစ်ဆေးကြည့်ရာမှာတော့ ၎င်းတို့သုံးဦးဟာ ဗိုင်းရပ်စ်ကင်းစင်သွားခဲ့ပြီလို့ ဆိုပါတယ်။ COVID-19 ထိန်းချုပ်ရေးအတွက်က အိန္ဒိယတစ်နိုင်ငံလုံးကို lockdown လုပ်ထားမှုနဲ့ပတ်သက်တဲ့ ၎င်းရဲ့ခံစားချက်ကိုလည်း Garg က ဖွင့်ဟထားခဲ့ပါတယ်။

"မိသားစုတစ်ခုအဖြစ် Lockdown ပထမဆုံးလမှာလို အချိန်တွေအများကြီး အတူမရှိခဲ့ကြဖူးဘူး၊ အဲဒီတုန်းက မိသားစုအတွက် အပျော်ဆုံးလည်း ဖြစ်ခဲ့တယ်" လို့ ၎င်းကဆိုပါတယ်။ "ဗိုင်းရပ်စ်ပြန်ကူးစက်နိုင်တာကို ကျွန်တော်တို့ သတိထားနေဆဲပါ၊ ဒါပေမဲ့ အခုအချိန်မှာတော့ ဗိုင်းရပ်စ်ကို အနိုင်ယူခဲ့တာအတွက် ကျွန်တော်တို့ ဂုဏ်ယူနေတယ်ဗျာ" လို့ Garg က ပြောပါတယ်။

Ref. BBC, Mukul Grag's Blog


ဆက်စပ်အကြောင်းအရာများ


က္က