ကျူဘားက စာသင်ကျောင်းများ ပြန်မဖွင့်မီ ကလေးအားလုံးကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားပါတယ်

ကျူးဘားနိုင်ငံက ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ကျူးဘားက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အသိအမှတ်ပြုထားခြင်းမရှိသေးတဲ့ ၎င်းတို့ ပြည်တွင်းထုတ် ကာကွယ်ဆေးကို အသက် ၂ နှစ်နဲ့အထက် ကလေးငယ်တွေမှာ ယခုလအစောပိုင်းက (စက်တင်ဘာ ၆ ရက်) စတင် ထိုးပေးနေပြီလို့ ဆိုပါတယ်။ လူဦးရေ ၁၁.၂ သန်းရှိတဲ့ ကျူးဘားက နိုင်ငံတစ်ဝန်း ယမန်နှစ် မတ်လကတည်းက အများအားဖြင့် ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းများ ပြန်မဖွင့်မီ ကလေးအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားပါတယ်။



ကျူးဘား စာသင်ကျောင်းတွေရဲ့ စာသင်နှစ်သစ်ကို တနင်္လာနေ့ (စက်တင်ဘာ ၆ ရက်) မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ရုပ်မြင်သံကြားမှတစ်ဆင့် သင်ကြားပေးနေကြောင်း သိရပါတယ်။ ကျူးဘား နေအိမ်အများစုမှာ အင်တာနက်အသုံးပြုနိုင်ခြင်း မရှိတာကြောင့်လည်း ရုပ်မြင်သံကြားကနေ သင်ကြားမှုတွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။


(Photo: EPA-EFE)

ကျူးဘားပြည်တွင်းထုတ် Abdala နဲ့ Soberana ကာကွယ်ဆေးတွေကို အရွယ်မရောက်သေးသူတွေမှာ စမ်းသပ်မှု ပြီးမြောက်အောင်မြင်ခဲ့ပြီးနောက် သောကြာနေ့ (စက်တင်ဘာ ၃ ရက်) မှာ အသက် ၁၂ နှစ်နဲ့အထက်တွေကို စတင်ထိုးပေးခဲ့ပါတယ်။ ထို့နောက် စက်တင်ဘာ ၆ ရက်နေ့မှာတော့ ကျူးဘားနိုင်ငံ အလယ်ပိုင်း Cienfuegos ပြည်နယ်အတွင်းရှိ အသက် ၂ နှစ်မှ ၁၁ နှစ်အရွယ် ကလေးအုပ်စုတွေကို COVID-19 ကာကွယ်ဆေးများ စတင်ထိုးပေးခဲ့ကြောင်း သိရပါတယ်။

အခြား ကမ္ဘာ့နိုင်ငံတွေမှာ အသက် ၁၂ နှစ်အရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးနေပြီး ထိုအရွယ်ထက် ငယ်ရွယ်သူတွေမှာ စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်၊ ယူအေအီးနဲ့ ဗင်နီဇွဲလားကဲ့သို့ နိုင်ငံတွေကလည်း ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေးထိုးရန် စီစဥ်ထားကြောင်း ကြေညာထားခဲ့ပေမဲ့ ကျူးဘားက ထိုသို့ ကာကွယ်ဆေးထိုးပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

(Photo: Waldo Swiegers/Bloomberg)

ထိုအတောအတွင်း ချီလီနိုင်ငံက တရုတ်ထုတ် Sinovac ကာကွယ်ဆေးကို အသက် ၆ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေအတွက် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါတယ်။ ကျူးဘားနိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ လက်တင်အမေရိကမှာ ပထဆုံးထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဖြစ်ပြီး နိုင်ငံတကာမှ သိပ္ပံပညာရှင်တွေရဲ့ အပြန်အလှန် သုံးသပ်စိစစ်မှု မလုပ်ထားရသေးပါဘူး။

ကျူးဘားအစိုးရက နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း တဖြည်းဖြည်း ပြန်ဖွင့်သွားမယ်လို့ ကြေညာထားပေမဲ့ ကလေးများအားလုံး ကာကွယ်ဆေးထိုးပြီးမှသာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။ လတ်တလော လများအတွင်း ကျူးဘားမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေခဲ့ပြီး ကျန်းမာရေးစနစ်ကို ဖိအားဖြစ်စေခဲ့ပါတယ်။ ကျူးဘားမှာ ယခုအချိန်အထိ ကူးစက်ခံရသူ ၆၉၆,၀၀၀ ကျော်ရှိခဲ့ပြီး ၅,၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ယနေ့အထိ စာရင်းတွေအရ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၂၂၂ သန်းကျော်၊ ပြန်လည်သက်သာလာသူ ၁၉၈ သန်းကျော်နဲ့ သေဆုံးသူ ၄.၅ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။



က္က