ထင်ရှားတဲ့ အပန်းဖြေနေရာ Mammoth Pool ရေလှောင်တမံရဲ့ တစ်ခုတည်းသောလမ်း ပိတ်ဆို့သွားခဲ့ပါတယ်။
Ko John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေမှုအတွင်း Sierra သစ်တောအတွင်းရှိ ထင်ရှားတဲ့ အပန်းဖြေနေရာ Mammoth Pool ရေလှောင်တမံရဲ့ တစ်ခုတည်းသောလမ်း ပိတ်ဆို့သွားခဲ့ရာ လူ ၂၀၇ ဦးကို ရဟတ်ယာဥ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: AP)

ရဟတ်ယာဥ်များဖြင့် ရွှေ့ပြောင်းပေးခဲ့သူတွေအနက် မီးလောင်ဒဏ်ရာရသူအချို့ အပါအဝင် ၂၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Madera ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲက စက်တင်ဘာ ၆ ရက်နေ့မှာ Twitter မှတစ်ဆင့် ပြောခဲ့ပါတယ်။ သောကြောနေ့ (စက်တင်ဘာ ၄ ရက်) ညပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ Creek Fire တောမီးဟာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ပြီး မြေဧရိယာ ဧက ၄၅,၀၀၀ မှာ လောင်ကျွမ်းခဲ့ပါတယ်။ တောမီးလောင်မှုကြောင့် ကယ်လီဖိုးနီးယားအလယ်ပိုင်းရှိ ဖရက်စ်နို (Fresno) နယ်မြေအတွင်း ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပြီး လမ်းများပိတ်ထားခဲ့ရပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (စက်တင်ဘာ ၆ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းအထိ တောမီးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ မီးသတ်သမား ၁၅,၀၀၀ နီးပါးက ပြည်နယ်တစ်ဝန်း နေရာ ၂၄ ခုခန့်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေကို ငြှိမ်းသတ်ရန် ကြိုးပမ်းနေခဲ့ကြောင်း ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ပြောပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း တောမီးလောင်မှုတွေကြောင့် လူရှစ်ဦး သေဆုံးပြီး နေအိမ်နဲ့ အဆောက်အအုံ ၃,၃၀၀ ပျက်စီးခဲ့ပါတယ်။

(Photo: AP)

Creek Fire အပါအဝင် အဓိက တောမီးလောင်မှုကြီး သုံးခုဟာ ဖရက်စ်နို၊ စန်ဘာနာဒီနိုနဲ့ စန်ဒီယေဂို (Fresno, San Bernardino and San Diego) ကောင်တီတွေမှာ လောင်ကျွမ်းနေခဲ့ပါတယ်။ ကယ်လီဖိုးနီယားမှာ အပူလှိုင်းကျရောက်ပြီး အပူချိန်များ ၄၇ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေမှုကြောင့်လည်း တောမီးလောင်မှုတွေ ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ ဩဂုတ် ၁၅ ရက်မှစပြီး မိုးကြိုးပစ်မှုများကြောင့် အပါအဝင် တောမီးလောင်မှု ၁,၀၀၀ နီးပါးခန့် ဖြစ်ပွားခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

.


Author


က္က