ကယ်လီဖိုးနီးယားပြည်နယ်မှာ လေပြင်းတိုက်မှုတွေ ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ လေပြင်းတိုက်မှုတွေနဲ့အတူ တောမီးကူးစက်လောင်ကျွမ်းမှုတွေ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးပြီး ဒေသခံ ၅၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရကာ လူဦးရေ သန်းနဲ့ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရပါတယ်။

(Photo: Noah Berger/AP)

Pacific Gas & Electric (PG&E) ကုမ္ပဏီက ကယ်လီဖိုးနီးယားရှိ နေရာဒေသ ၃၆ ခုမှာ သမိုင်းဝင် လေပြင်းတိုက်ခတ်နေမှုကြောင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရနိုင်ကြောင်း ပြောခဲ့ပါတယ်။ လေပြင်းတိုက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးကာ မီးလောင်မှုတွေ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း PG&E က ဆိုပါတယ်။



၎င်းတို့ရဲ့ လျှပ်စစ်ဓာတ်အားဝန်ဆောင်မှု ရယူထားတဲ့ လူဦးရေ ၂ သန်းခန့်ရှိ အိမ်ထောင်စု ၈၅၀,၀၀၀ ခန့်မှာ ဓာတ်အားပြတ်တောက်မှုကြုံရနိုင်ကြောင်း သောကြာနေ့ (အောက်တိုဘာ ၂၅ ရက်) က သတိပေးထားပါတယ်။

(Photo: Noah Berger/AP)

PG&E က ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းနဲ့ တနင်္လာနေ့ (အောက်တိုဘာ ၂၈ ရက်) နေ့လယ်ပိုင်းအတွင်း ရာသီဥတုဆိုးရွားနိုင်မှုကြောင့် ဓာတ်အားဖြတ်တောက်ထားရဖွယ်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ "ထိခိုက်ပျက်စီးမှုဖြစ်နိုင်တဲ့ လေပြင်းတွေမတိုက်မီမှာ ဘေးကင်းလုံခြုံရေးအတွက် PG&E အနေနဲ့ လျှပ်စစ်ဓာတ်အားပိတ်ထားဖို့ လိုအပ်ပါတယ်၊ ယခု ရာသီဥတုဖြစ်ရပ်နဲ့ လေပြင်းတိုက်မှုက ကယ်လီဖိုးနီးယားမှာ ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးလည်း ဖြစ်ပါတယ်" လို့ PG&E က ပြောပါတယ်။

(Photo: Noah Berger/AP)

ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှုတွေဟာ PG&E ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်နဲ့ ဆက်နွယ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

PG&E က ၎င်းတို့လုပ်ငန်းတာဝန်ကို မလုပ်ခဲ့ကြကြောင်း၊ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ဝင်ငွေရရန် လောဘကြီးနေခဲ့ပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က အောက်တိုဘ ၂၅ ရက်နေ့မှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

(Photo: Noah Berger/AP)

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်နဲ့ ဆိုနိုမာတို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်းလည်း သိရပါတယ်။ ကယ်လီဖိုးနီးယားရဲ့ ဝိုင်ဒေသလို့ လူသိများတဲ့ ဆိုနိုမှာဒေသမှာ မြေဧက ၂၁,၉၀၀ တစ်လျှောက် တောမီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမား ၁,၃၀၀ ကျော်က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြပြီး လက်ရှိအချိန်အထိ မီးမထိန်းနိုင်သေးကြောင်း သိရပါတယ်။ တောမီးလောင်မှုကို မီးသတ်လေယာဉ်နဲ့ ရဟတ်ယာဉ်များသုံးပြီး ငြှိမ်းသတ်နေကြောင်းလည်း သိရပါတယ်။

(Photo: Noah Berger/AP)

တောမီးလောင်မှုဟာ Kincade လမ်းမနဲ့ Burned Mountain လမ်မအနီး တောင်တန်းဒေသတစ်ခုမှ စတင်ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ တောမီးလောင်မှုဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် နေရာအများအပြားမှာ တစ်နာရီလျှင် မိုင် ၇၀ အထိရှိတဲ့ လေပြင်းများတိုက်ခတ်နေတယ်လို့ AP သတင်းဌာနက ပြောပါတယ်။

ယခုလအစောပိုင်းကလည်း လော့စ်အိန်ဂျလိစ်မြို့ရဲ့ မြောက်ဘက်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့ရာ မြေဧက ၄,၇၀၀ လောင်ကျွမ်းခဲ့ပြီး လူဦးရေ ထောင်နဲ့ချီ မီးဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

- နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်၊ ကိန်းဂဏန်း အပြောင်းအလဲများ ရှိလာနိုင်ပါတယ်

Share

Loading Next Article...
က္က