လေပြင်းများတိုက်မှုကြောင့် တောမီးလောင်မှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးများ အကြီးအကျယ်လောင်နေဆဲဖြစ်ပြီး မီးကိုထိန်းချုပ်နိုင်ရန် မီးသတ်သမားတွေက ဆက်လက် ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။

(Photo: MediaNews Group/The Mercury News via Getty Images)

တောမီးလောင်မှုဟာ တစ်နာရီလျှင် မိုင် ၈၀ အထိ ပြင်းထန်နိုင်တဲ့ လေပြင်းတိုက်မှုကြောင့် ပိုမိုကြီးမားကာ နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။



ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) မွန်းလွဲပိုင်းမှစပြီး ကယ်လီဖိုးနီးယားမြောက်ပိုင်း နေရာတွေမှာ ၂၄ နာရီအတွင်း လေပြင်းတိုက်ခတ်နိုင်ကြောင်း အမေရိကန်မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ယခုနှစ်အတွင်း ကယ်လီဖိုးနီးယားမှာ အကြီးမားဆုံးဖြစ်ပြီး Kincade Fire လို့ အမည်ပေးထားတဲ့ တောမီးလောင်မှုကို မီးသတ်သမား ၄,၅၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေကြပါတယ်။

(Getty Center အနီး မီးခိုးများကိုတွေ့ရစဉ်) (Photo: Marcio José Sánchez/AP)

လော့စ်အိန်ဂျလိစ်မြို့လယ် အနောက်ဘက်ရှိ Getty Center အနီးမှာ တောမီးကူးစက်မှုရှိလာတာကြောင့် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လေပြင်းများတိုက်မှုဟာ ယခုနှစ်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

လေတိုက်နှုန်းဟာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၃၀ ရက်) မနက် ၃ နာရီမှာ အမြင့်ဆုံးဖြစ်လာနိုင်ကြောင်းနဲ့ ကြာသပတေးနေ့ (အောက်တိုဘာ ၃၁ ရက်) အထိ လေပြင်းများ ဆက်လက် တိုက်ခတ်နေနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: Étienne Laurent/EPA)

Getty Center အနီ တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် ဒေသခံ ၇,၀၀၀ ကို ရွှေ့ပြောင်းခဲ့ရတယ်လို့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Eric Garcetti က ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၃ ရက်) က စတင်လောင်ကျွမ်းခဲ့တဲ့ Kincade Fire တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ လူဦးရေ ၂၀၀,၀၀၀ နီးပါး ရွှေ့ပြောင်းခဲ့ရပြီး ဆိုနိုမာဒေသမှာ နေအိမ်နဲ့ ဝိုင်ထုတ်လုပ်ရာနေရာ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Jose Carlos Fajardo/AP)

ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှုတွေ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း Camp Fire တောမီးကြောင့် ပါရာဒိုက်စ်မြို့ မီးလောင်ပျက်စီးခဲ့ကာ လူ ၈၆ ဦး သေဆုံးခဲ့ပါတယ်။ Camp Fire တောမီးဟာ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် အပျက်အစီးအများဆုံး တောမီးလောင်မှုလည်း ဖြစ်ခဲ့ပါတယ်။ ထို့အတူ ၂၀၁၇ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားရှိ နာပါနဲ့ ဆိုနိုမာ ဝိုင်ဒေသတွေမှာ တောမီးလောင်မှုတွေဖြစ်ပွားခဲ့ရာ လူ ၄၄ ဦး သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အအုံ ထောင်နဲ့ချီ မီးလောင်ပျက်စီးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: Étienne Laurent/EPA)

ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှုတွေဟာ PG&E ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်နဲ့ ဆက်နွယ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ တောမီးလောင်နေမှုကြောင့် PG&E က လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရာ ကယ်လီဖိုးနီးယားမှာ လူဦးရေ သန်းနဲ့ချီပြီး ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရပါတယ်။


Share

Loading Next Article...
က္က