လေယာဥ်ခိုးယူမှု သံသယဖြင့် ဖမ်းဆီးခဲ့ပြီး လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ လေဆိပ်တစ်ခုမှာ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးက လေယာဥ်ပေါ်ခိုးတက်ကာ စက်နှိုးမောင်းနှင်ခဲ့ရာမှ ခြံစည်ရိုးကို ဝင်တိုက်ခဲ့ပြီးနောက် သူမကို ဖမ်းဆီးခဲ့ပါတယ်။

(Photo: AP)

အဆိုပါ အသက် ၁၇ နှစ်အရွယ် မိန်းကလေးဟာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၈ ရက်) က Fresno Yosemite အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ခြံစည်းရိုးကို ဝါယာကြိုးတစ်ချောင်းဖြင့် ကျော်ခွတက်ခဲ့ပြီးနောက် King Air 200 လေယာဥ်ပေါ်တက်ရောက်ကာ အင်ဂျင်တစ်လုံးကိုနှိုးခဲ့တယ်လို့ လေဆိပ်ရဲတပ်ဖွဲ့ အကြီးအကဲ Drew Bessinger က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



"လေယာဥ်က စပြီးရွေ့ခဲ့တယ်၊ ပြီးတော့ လည်သွားပြီး လေဆိပ်ပိုင် အဆောက်အအုံတစ်ခုနဲ့ ခြံစည်းရိုးတစ်ခုကို ဝင်တိုက်ခဲ့မိပါတယ်၊ လေယာဥ်က ပျံတက်သွားတဲ့အထိတော့ မဟုတ်ပါဘူး၊ မီးလောင်မှု မဖြစ်ခဲ့ပါဘူး" လို့ ၎င်းကဆိုပါတယ်။ ထိုဖြစ်ရပ်ကြောင့် လေယာဥ် ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Screengrab from YourCentralValley/CBS video)

ဆယ်ကျော်သက်မိန်းကလေးကို လေယာဥ်တစ်စီးခိုးယူမှု သံသယဖြင့် ဖမ်းဆီးခဲ့ပြီး လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။ လေဆိပ်ရဲတပ်ဖွဲ့အကြီးအကဲရဲ့ အဆိုအရ အဆိုပါ မိန်းကလေးဟာ လေဆိပ်အတွင်းသို့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်အတွင်း ခရီးသည်တင်လေယာဥ်များ အန္တရာယ်မရှိခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ကြောင်း ၎င်းကပြောပါတယ်။ လုံခြုံရေးကင်မရာမှတ်တမ်းအရ King Air 200 လေယာဥ်ဟာ အဆောက်အအုံနဲ့ ခြံစည်းရိုးကို ဝင်မတိုက်မီ ပတ်ချာလည်ရွေ့လျားနေခဲ့တာ တွေ့ရပါတယ်။

(Map: Google)

ရဲတပ်ဖွဲ့က လေယာဥ်ပေါ်ကို တက်ရောက်စစ်ဆေးခဲ့ရာ ဆယ်ကျော်သက်မိန်းကလေးကို လေယာဥ်မှူးထိုင်ခုံမှာ လေယာဥ်မှူးနားကြပ်တပ်လျက် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ မည်သည့်နေရာရောက်နေမှန်း သိပုံမပေါ်ခဲ့ဘဲ ဖမ်းဆီးရာမှာလည်း ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ လေဆိပ်ရဲတပ်ဖွဲ့အကြီးအကဲ Drew Bessinger က ပြောခဲ့ပါတယ်။

ဆယ်ကျော်သက်မိန်းကလေးရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းနဲ့ အကြမ်းဖက်မှုနဲ့ဆက်စပ်မှုမရှိကြောင်း Drew Bessinger က ဖြည့်စွက်ပြောပါတယ်။ အဆိုပါ မိန်းကလေးရဲ့မိခင်က ဒေသခံမီဒီယာကို ပြောကြားမှုအရ သမီးဖြစ်သူနဲ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညပိုင်းကတည်းက အဆက်အသွယ်မရခဲ့ကြောင်း သိရပါတယ်။

Source: USA Today, FresnoBee

Share

Loading Next Article...
က္က