ကယ်လီဖိုးနီးယားမှာ တစ်နာရီလျှင် မိုင် ၇၀ အထိရှိတဲ့ လေပြင်းများတိုက်ခတ်နေပါတယ်။
Ko John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဝိုင်ဒေသလို့ လူသိများတဲ့ နယ်မြေတစ်လျှောက် လေပြင်းများတိုက်မှုန့အတူ တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေရာ လူဦးရေ ၄၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပြီး လူ ၁၈၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရတယ်လို့ ဆိုပါတယ်။  

(Photo: Noah Berger/AP)

Kincade မီးလောင်မှုလို့ သုံးနှုန်းပြောဆိုနေကြတဲ့ တောမီးက Sonoma အရပ်ရှိ မြေဧက ၁၀,၀၀၀ ကို လောင်ကျွမ်းသွားခဲ့ပြီး မထိန်းချုပ်နိုင်သေးကြောင်း ပြည်နယ်မီးဘေးကာကွယ်ရေးဌာနက ပြောပါတယ်။ လေပြင်းများတိုက်မှုကြောင့် တောမီးလောင်မှု ပိုမိုအားကောင်းခဲ့ပြီး တောင်ဘက်သို့ ကူးစက်သွားနေကြောင်း ကယ်လီဖိုးနီးယား မီးသတ်ဌာန ပြောခွင့်ရအမျိုးသမီးက ပြောခဲ့ပါတယ်။

လေပြင်းတိုက်မှုတွေဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ (အောက်တိုဘာ ၂၄ ရက်) မနက်ပိုင်းမှာ လျော့ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ တောမီးဟာ ဆန်ဖရန်စစ္စကိုမြို့ မြောက်ဘက် ၇၅ မိုင်အကွာမှာ ရွေ့လျားကူးစက်နေကြောင်း သိရပါတယ်။

(Photo: Noah Berger/AP)

တောမီးလောင်မှုဖြစ်ပွားနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် နေရာအများအပြားမှာ တစ်နာရီလျှင် မိုင် ၇၀ အထိရှိတဲ့ လေပြင်းများတိုက်ခတ်နေတယ်လို့ AP သတင်းဌာနက ပြောပါတယ်။ တောမီးအန္တရာယ်ကြောင့် Sonoma အရပ်ရှိ Geyserille မြို့ငယ်လေးမှ မြို့ခံ ၂,၀၀၀ ခန့်ကို ရွှေ့ပြောင်းကြရန် မီးသတ်ဌာနတာဝန်ရှိသူတွေက ညွှန်ကြားခဲ့ပါတယ်။

အဆိုပါမြို့အနီးရှိ Healdsburg မြို့မှာလည်း ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ "ဒီ တောမီးက ကူးစက်တာမြန်တယ်၊ ရွှေ့ပြောင်းဖို့ညွှန်ကြားချက်တွေကို ဂရုပြုကြပါ" လို့ ကယ်လီဖိုးနီးယား လွှတ်တော်အမတ် Mike McGuire က Twitter မှာ ပြောထားပါတယ်။

(Photo: Noah Berger/AP)

တောမီးလောင်နေမှုကြောင့် Pacific Gas & Electric ကုမ္ပဏီက ကယ်လီဖိုးနီးယားရှိ အရပ်ဒေသ ၁၅ ခုမှာ လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားပြီး လူဦးရေ ၁၇၈,၀၀၀ ဓာတ်အားပြတ်တောက်မှု ကြုံနေရပါတယ်။ ထို့အတူ လော့စ်အိန်ဂျလိစ်၊ ဘာနာဒီနိုနဲ့ ဗင်တူရာ အပါအဝင် နေရာခုနစ်ခုမှာလည်း လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရန် စဉ်းစားနေပြီး ထိုသို့ဖြတ်တောက်ပါက လူဦးရေ ၃၀၈,၀၀၀ ကျော် ဓာတ်အားပြတ်တောက်မှုကြုံရနိုင်ကြောင်း Southern California Edison က ပြောပါတယ်။

(Photo: Noah Berger/AP)

တောမီးလောင်မှုကို မီးသတ်လေယာဉ်နဲ့ ရဟတ်ယာဉ်များသုံးပြီး ငြှိမ်းသတ်နေကြောင်းလည်း သိရပါတယ်။ ယခု တောမီးလောင်မှုဟာ Kincade လမ်းမနဲ့ Burned Mountain လမ်မအနီး တောင်တန်းဒေသတစ်ခုမှ စတင်ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ယခုလအစောပိုင်းကလည်း လော့စ်အိန်ဂျလိစ်မြို့ရဲ့ မြောက်ဘက်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့ရာ မြေဧက ၄,၇၀၀ လောင်ကျွမ်းခဲ့ပြီး လူဦးရေ ထောင်နဲ့ချီ မီးဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။



က္က